
လစ်သူယေးနီးယားနိုင်ငံ မြို့တော် ဗီလ်နီယပ်စ်မှာ ဩဂုတ် ၁၅ ရက်က ကျင်းပတဲ့ Corgi ခွေးအပြေးပြိုင်ပွဲမှာ ပိုင်ရှင်တွေက အရုပ်၊ အစားအစာနဲ့ တံမြက်စည်းတွေကိုပါ သုံးပြီး ခွေးတွေ ပန်းတိုင်ရောက်အောင် ဆွဲဆောင်ခဲ့ကြပါတယ်။
ဒီပြိုင်ပွဲကို နိုင်ငံ ၈ နိုင်ငံက Corgi ခွေး ၁၃၀ လောက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လာရောက်ကြည့်ရှုသူ ထောင်နဲ့ချီ ရှိခဲ့ပါတယ်။
တချို့ပွဲစဉ်တွေမှာ ခွေးတွေက စထွက်မဲ့နေရာမှာတင် ရပ်နေခဲ့သလို တချို့က လမ်းလယ်မှာ တခြားခွေးတွေနဲ့ ကစားနေခဲ့ကြပါတယ်။
တချို့ခွေးတွေကတော့ ပန်းတိုင်ကို ဆက်မပြေးတော့ဘဲ စထွက်ခဲ့တဲ့ နေရာကိုပဲ နောက်ပြန်လှည့်သွားခဲ့ကြပါတယ်။
Corgi တွေဟာ “ကမ္ဘာပေါ်မှာ အနှေးဆုံးခွေးတွေထဲက တမျိုး” ဖြစ်တယ်လို့ ပွဲစီစဉ်သူ အက်ဗီနပ် မစ်စကတ်စ် ဂရီနီးယပ်စ်က ပြောပါတယ်။
ဒါကြောင့် Corgi ပြေးပြိုင်ပွဲဆိုတာ သူ့အလိုလို အဓိပ္ပာယ်ဆန့်ကျင်နေပြီး “အဲဒါကြောင့်ပဲ အရမ်းပျော်ဖို့ကောင်းတာ” လို့ သူက ဆိုပါတယ်။
ဂရီနီးယပ်စ်ဟာ လွန်ခဲ့တဲ့ ၆ နှစ် ကိုဗစ်ကပ်ရောဂါကာလမှာ ဒီပွဲကို စတင်ခဲ့ပြီး အစပိုင်းမှာ မိသားစုနဲ့ သူငယ်ချင်းတွေလောက်ပဲ လာကြည့်မယ်လို့ ထင်ခဲ့တာပါ။
ဒါပေမဲ့ လူရာနဲ့ချီ လာရောက်ခဲ့တာကြောင့် အခုဆိုရင် အမေရိကန်နဲ့ လစ်သူယေးနီးယားတို့မှာ ရုပ်သံကနေပါ ပြသရတဲ့ နှစ်စဉ်ကျင်းပတဲ့ပွဲကြီးတခု ဖြစ်လာခဲ့ပါတယ်။
အပြေးပြိုင်ပွဲအပြင် ဝတ်စုံပြိုင်ပွဲနဲ့ အသံအကျယ်ဆုံး ဟောင်သံပြိုင်ပွဲလည်း ပါဝင်ခဲ့ပါတယ်။ အဟောင်ပြိုင်ပွဲမှာ ကယ်လီဖိုးနီးယားက Mr Corgington အမည်ရတဲ့ ခွေးလေးက လွှစက်ဆူညံသလောက် ကျယ်လောင်တဲ့ ၁၁၁ ဒက်စီဘယ်နဲ့ အနိုင်ရခဲ့ပါတယ်။











