DVB Logo
Home
မြန်မာသတင်း
ရေနံချောင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၇ ဦးသေဆုံး
DVB
·
November 26, 2024
ရေနံချောင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၇ ဦးသေဆုံး
Donate to DVB

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ၃ ကြိမ် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ဗိုလ်မှူးတယောက် အပါအဝင် ၂၇ ယောက် သေဆုံးတယ်လို့ Yenangyaung PDF က နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

Yenangyaung PDF တာဝန်ခံက “ကံသာရွာကို ဝင်လာတဲ့ စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲအတွင်း သူတို့ဘက်က ဗိုလ်မှူး ၁ ယောက် အပါအဝင် ၂၇ ယောက် သေဆုံးတယ်။ ဒဏ်ရာရတဲ့ ၅ ယောက်ကလည်း အခြေအနေမကောင်းဘူး။ ကျနော်တို့ဘက်က ရဲဘော် ၃ ယောက် ကျတယ်ဆိုတာကတော့ အရင်ရက်ကတည်းက ပြောပြထားခဲ့ပါတယ်” လို့ DVB ကို ပြောပါတယ်။

ရေနံချောင်းမြို့နယ်၊ သာလူးကန်၊ ဖိုးကိုးလမ်းကနေ စခန်းကန်အုပ်စုထဲက ကံသာကျေးရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို နိုဝင်ဘာ ၁၆ ရက် မနက် ၄ နာရီနဲ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွေမှာ လမ်းကနေ ၂ ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ စစ်တပ်စစ်ကြောင်းဟာ တိုက်ခိုက်ခံရပြီး ပြန်လည်ဆုတ်ခွာသွားချိန် နိုဝင်ဘာ ၁၈ ရက်မှာ မန်ကျည်းကန်ကျေးရွာအုပ်စု၊ စမ်းကန်ကြီးရွာအနီးမှာ ထပ်မံတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Yenangyaung PDF ပြန်ကြားရေးတာဝန်ခံက “ကံသာရွာနားမှာ တိုက်ပွဲဖြစ်ပြီး သူတို့စစ်ကြောင်းက အဲဒီရွာထဲ ဝင်သွားတယ်။ ရွာထဲက အိမ်တလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်။ အဲဒီရွာသား ၂ ယောက်ကိုလည်း ဖမ်းသွားပြီး သတ်ပစ်တယ်လို့ သိရတယ်။ အခုတော့ သူတို့စစ်ကြောင်းက ဖောင်းကွဲ-ယင်းမာချောင်းလမ်းကနေ ရေနံချောင်းမြို့ပေါ်ကို ပြန်ဆုတ်သွားကြပြီ” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို People's Defence Force - Yenangyaung၊ Midland Dolphins Coloum၊ Tamar Myay Special Coloum နဲ့ အင်တောတိုက်နယ် ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရကြတယ်လို့ တော်လှန်ရေးတပ်ပေါင်းစုတွေဆီကနေ သိရပေမဲ့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာ မတွေ့ရသလို DVB အနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေအတွင်း ရေနံချောင်းမြို့နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို YNG PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့သေးတယ်လို့လည်း Yenangyaung PDF ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013