
မကွေးတိုင်း၊ အောင်လံမြို့မှာ ရခိုင်ပြည်နယ်ကိုပို့မဲ့ စိတ်ကြွဆေး ကျပ်သန်းပေါင်း ၁ သောင်းဖိုးလောက်နဲ့ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ကနေ ကျပ်သန်းပေါင်း ၁,၀၀၀ ကျော်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းမိတယ်လို့ စစ်အာဏာရှင်ရဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
အောင်လံမြို့၊ မန်ကျည်းကုန်းရပ်ကွက်က အောင်လံ Resort ဟိုတယ်မှာ ရမည်းသင်းမြို့နယ်ကနေ ရခိုင်ပြည်နယ်ကိုပို့မဲ့ မူးယစ်ဆေးဝါးတွေသယ်ဆောင်ရောက်ရှိနေတယ်ဆိုတဲ့ သတင်းပေးချက်အရ ပူးပေါင်းအဖွဲ့တွေက ဇွန် ၁၇ ရက် ညနေပိုင်းမှာ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမှာ တည်းခိုနေတဲ့ အသက် ၂၅ နှစ်အရွယ် ခွန်အောင်ဝင်းနဲ့ အသက် ၂၁ နှစ်အရွယ် ဇနီးဖြစ်သူ မနန်းဒေစီအောင် တို့ရဲ့ ခရီးဆောင်အိတ်တွေထဲကနေ တအိတ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပါတဲ့ အထုပ် ၂၀ ပါ လက်ဆွဲအိတ် ၁၀ အိတ် (ဆေးပြားပေါင်းသိန်း ၂၀) ကိုသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးတော့ ဟိုတယ်မှာ ရပ်တန့်ထားတဲ့ ယာဉ်အမှတ်၊ YGN-18 / RLG ------ Honda Stepwagon (လိုင်စင်မဲ့) ကားပေါ်ကနေ ဝါသေဋ္ဌ (ခ) ဝင်းနိုင်နဲ့အတူ ကားနောက်ခန်းကနေ ဆာလာအိတ်တအိတ်စီမှာ WY/R စာတန်းပါ စိတ်ကြွဆေးပြား ၁၀,၀၀၀ ပါတဲ့ အထုပ် ၂၀ စီပါ ဆာလာအိတ် ၁၅ အိတ် (ဆေးပြားပေါင်းသိန်း ၃၀) ကို ထပ်ဖမ်းမိတယ်လို့ ထုတ်ပြန်ထားပါတယ်။
စုစုပေါင်း စိတ်ကြွဆေးပြားပေါင်း သိန်း ၅၀၊ ကာလတန်ဖိုးခန့်မှန်းငွေကျပ်သန်းပေါင်း ၁၀,၀၀၀ လောက်ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်တွေအရ ဆက်စပ်သူဖြစ်တဲ့ အောင်လေး (ခ) အောင်နိုင်မင်း ကိုလည်း အဲဒီနေ့မှာပဲ အောင်လံမြို့နယ်၊ မိုးဖုန်းကျေးရွာမှာ ထပ်ဖမ်းမိတယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်က YiLink ဟိုတယ်မှာလည်း မူးယစ်ဆေးဝါးသယ်ဆောင်လာသူတွေ လာရောက်တည်းခိုနေထိုင်တယ်ဆိုတဲ့ သတင်းအရ ပူးပေါင်းအဖွဲ့က ဇွန် ၁၇ ရက် မွန်းလွဲပိုင်းမှာ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမှာတော့ အသက် ၄၀ အရွယ် ရေဝတ (ခ) ဝင်းဇော် နဲ့အတူ ကားပါကင်မှာရပ်တန့်ထားတဲ့ ယာဉ်အမှတ်၊ RLG--- BOXY ပေါ်မှာ ဆာလာအိတ် ၄ အိတ်ထဲက WY/R စာတန်းပါ အနီရောင်စိတ်ကြွဆေးပြား ၁၀,၀၀၀ ပါ အထုပ် ၁၁၀၊ စုစုပေါင်း ဆေးပြား ၁၁ သိန်း၊ ကာလတန်ဖိုး ခန့်မှန်း ငွေကျပ်သန်း ၁,၆၅၀ ကျော် ဖမ်းမိတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူရဲ့ထွက်ဆိုချက်အရ ဆက်စပ်သူတွေဖြစ်တဲ့ ဇော်ဇော်နိုင်၊ စိုးမင်းထွန်းနဲ့ မောင်ဝင်းကြီး တို့ကိုလည်း အဲဒီဟိုတယ်မှာ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo : MOI










