DVB Logo
Home
မြန်မာသတင်း
ကျွဲတပ်ဆုံဂိတ်တွင် ကားများ နာရီနှင့်ချီပိတ်နေ၊ ရန်ကုန်အဝင်ဂိတ်၌ ခရီးသည်များကို ငွေညှစ်
DVB
·
November 24, 2024
ကျွဲတပ်ဆုံဂိတ်တွင် ကားများ နာရီနှင့်ချီပိတ်နေ၊ ရန်ကုန်အဝင်ဂိတ်၌ ခရီးသည်များကို ငွေညှစ်
1 / 2
Donate to DVB

သာစည်မြို့နယ် ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီက တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာကြောင့် နာရီနဲ့ချီကားတွေပိတ်နေပြီး ရန်ကုန်အဝင် အမြန်လမ်း ၂၆ မိုင် ဂိတ်မှာလည်း ရဲတွေက ခရီးသည်တွေကို ခြိမ်းခြောက်ငွေညှစ်နေတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းကနေ မန္တလေးတိုင်း၊ သာစည်မြို့နယ်ကို ဖြတ်သန်းသွားတဲ့ အမြန်လမ်းပိုင်းက ကျွဲတပ်ဆုံစစ်ဆေးဂိတ်မှာ ပြီးခဲ့တဲ့လတွေကတည်းက ကားတွေ အချိန်ကြာ ပိတ်နေတာဖြစ်ပြီး နိုဝင်ဘာလထဲမှာ ပိုဆိုးရွားလာတာပါ။

အဝေးပြေးယာဉ်မောင်းတယောက်က “လမ်းတွေပိတ်တယ်။ ဒီလထဲ တော်တော်ပိတ်တယ်။ ယင်းမာပင်အဝင်ကနေ ဂိတ်ရှိတဲ့နေရာက ၂ မိုင်ကျော်မယ်။ တောက်လျှောက်ပိတ်တာ။ သာစည်အဝင်ဘက်ပဲ ပိတ်တာ။ အတက်က တလမ်းစာရသေးတယ်”လို့ ပြောပါတယ်။

ဒီဂိတ်ဟာ လမ်းပိုင်းတလျှောက်မှာ စစ်ကောင်စီလုံခြုံရေးအများဆုံးနဲ့ X Ray စက်ရှိတဲ့ ဂိတ်ဖြစ်ပြီး အကောက်ခွန်လွတ်ပစ္စည်းနဲ့ မူးယစ်ဆေး၊ လက်နက်တွေကို အဓိက စစ်ဆေးနေပါတယ်။

အဝေးပြေးသွားလမ်းမှာ ကားကြီး ၄ လမ်းစာရှိနေပေမဲ့ ကလောအဆင်းလမ်းမှာ လမ်းကြော ၃ ထပ်အထိဖြစ်နေပြီး ကုန်ပို့ကားတွေနဲ့ ဆီသယ်ယာဉ်မောင်းတွေကတော့ လမ်းကြော တိုးမရတာကြောင့် စက်သတ်ရပ်နားထားသူတွေလည်း တွေ့ရပါတယ်။

ခရီးသည်တယောက်က “ကျွဲတပ်ဆုံဂိတ်ရောက်ဖို့ တောင်ပေါ်ကနေ ၂ နာရီလောက်ကို ကားပိတ်တာ။ ဘယ်ကားမှ တိုးရတာမတွေ့ဘူး။ ကားက တိုးလိုက် ဆုတ်လိုက်ပဲ။ တချို့ခရီးသည်တွေလည်း စစ်ဆေးရေးဂိတ်အထိ လမ်းဆင်းလျှောက်ကြတယ်” လို့ ပြောပါတယ်။

ကျွဲတပ်ဆုံဂိတ်မရောက်မီမှာ အဝေးပြေးခရီးသည်တင်ပေါ်ပါ မသန်စွမ်းကလွဲလို့ အကုန်လုံး ၇ မိနစ်လောက် လမ်းဆင်းလျှောက်ရပြီး မှတ်ပုံတင်၊ ဖုန်း စစ်ဆေးခံရသလို X Ray စက်ရဲ့ ဂိတ်တဖက်မှာ စောင့်ဆိုင်းနေရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းကနေ မန္တလေးတိုင်းအဝင်အထိ တောင်ကြီးအဆင်းစစ်ဆေးရေးဂိတ်၊ အောင်ပန်းအနီးစစ်ဆေးရေးဂိတ်၊ ရှမ်း-မန်း နယ်စပ်စစ်ဆေးရေးဂိတ်၊ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်ဆိုပြီး စစ်ကောင်စီလုံခြုံရေးဂိတ် ၄ ခုရှိပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမ၊ ၂၆ မိုင် ၂ ဖာလုံ ရန်ကုန်အဝင်ဘက်စစ်ကောင်စီလုံခြုံရေးဂိတ်က ရဲတပ်ဖွဲ့ဝင်တွေဟာ အဝေးပြေးခရီးသည်တွေကို ခြိမ်းခြောက်ငွေညှစ်နေတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

နိုဝင်ဘာလ တတိယအပတ်၊ မနက်ပိုင်းမှာ ဟိုပုံး-‌တောင်ကြီး- ရန်ကုန်ပြေးဆွဲတဲ့ ယာဉ်လိုင်းတခုက ခရီးသည်တင်ယာဉ်တစီးကို ဂိတ်စောင့်ရဲတပ်ဖွဲ့ဝင်တွေက သေနတ်ပြရပ်တန့်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

ခရီးသည်တယောက်က “အဲနေ့က အားလုံး ၄ ဦး။ မှတ်ပုံတင်မူရင်းမပါတဲ့ ကောင်မလေးကို အရင်ခေါ်သွားတာ။ ကောင်မလေးအိတ်တွေ ဖုန်းတွေရော သူ ဝတ်ထားတဲ့ ဘောင်းဘီ အင်္ကျီအိတ်တွေရော အကုန်လိုက်စမ်းတာ။ ရဲမေတွေ မပါဘူး။ အဲဒီရဲကိုယ်တိုင်ပဲ။ အသက် ၂၅ လောက်ရှိတယ်။ အသားမည်းမည်း။ ပခုံးမှာ ဘာအပွင့်မှ မပါဘူး။ ပိုက်ဆံတောင်းတာလည်း သူပဲ။ ဘေးက စစ်သားက သူ့ဘာသာ ဆင်းသွားတာ”လို့ ဆိုပါတယ်။

ကားပေါ်ကို ရဲတပ်သားတယောက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက် တက်လာပြီး ရဲတပ်သားက မှတ်ပုံတင်တွေ လိုက်သိမ်းဆည်းပြီးနောက် ရှမ်းပြည်နယ် နိုင်ငံသားကတ်အမှတ် ၁၃ မျဉ်းစောင်း ကိုင်ဆောင်သူတွေရဲ့ အိတ်နဲ့ ဖုန်းတွေကို ဖွင့်လှစ်‌စစ်ဆေးခဲ့တယ်လို့လည်း ပြောပါတယ်။

ပြီးတော့ သူတို့ရဲ့ဂိတ်အထိ ခေါ်ဆောင်သွားပြီး လဝက ဝန်ထမ်းတယောက်က အသေးစိတ် စစ်ဆေးခဲ့သေးသလို နာရီဝက်လောက်အကြာမှ တယောက်ကို ၃ သောင်းနဲ့ ပြန်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။

ယာဉ်လိုင်းနဲ့နီးစပ်သူတယောက်က “သူတို့ အဓိကစစ်တာ စာရင်းထဲက လူပိုပါလား။ လမ်းက ဖြတ်တင်တဲ့သူ ပါလား စစ်တာ။ ဂိတ်ကြေးကတော့ ထုံးစံအတိုင်းပဲ။ ရှမ်း-မန်းအစပ်မှာ တဂိတ်၊ ကျွဲတပ်ဆုံဂိတ်၊ နေပြည်တော်မရောက်ခင် တဂိတ်၊ ၂၆ မိုင်ဂိတ်၊ ဇီးရိုးမိုင်းဂိတ်။  ပိုက်ဆံတောင်းတာတော့ ရဲတွေပဲ”လို့ ပြောပါတယ်။

၂၆ မိုင် ၂ ဖာလုံမရောက်ခင် ၂၆ မိုင်မှာလည်း  ကားထဲပါ ကုန်ပစ္စည်းတွေနဲ့ အခွန်လွတ်ကုန်စည် ဟုတ်မဟုတ် အဓိကစစ်ဆေးတဲ့ဂိတ်တခုရှိပြီး ကားပေါ်ပါကုန်စည်တွေအတွက် ဖြတ်သန်းခ တရားမဝင်ပေးနေရသလို မြန်မြန်စစ်ပေးဖို့အတွက် ငွေကျပ် ၁ သောင်း‌လောက် ပေးနေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013