
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဖွင့်လှစ်ထားတဲ့ Memories of Chiang Mai (MOC) မှာရှိတဲ့ ဝိမုတ္တိ အနုပညာဥယျာဉ်မှာ အနုပညာကို ချစ်မြတ်နိုးသူတွေ တွေ့ဆုံကြတဲ့ “ART TOGETHER” ဆိုတဲ့ ပွဲလေးတခုကို ဩဂုတ် ၁၅ ရက်က ပြုလုပ်ခဲ့ပါတယ်။
ဒီ ဝိမုတ္တိ အနုပညာဥယျာဉ် (Vimutti Art Garden) ကိုတော့ လူငယ်တွေနဲ့ နိုင်ငံတကာက အနုပညာရှင်တွေ တွေ့ဆုံချိတ်ဆက်ပြီး အနုပညာတွေ ဖန်တီးနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
ဝိမုတ္တိ အနုပညာဥယျာဉ် တည်ထောင်သူ ကိုသက်ဆွေဝင်းက “လွတ်မြောက်ခြင်းပေါ့ မြန်မာလိုကတော့နော်။ ကျနော်တို့ ဒီ လက်ရှိ ခံစားနေရတဲ့ ဒုက္ခတွေကနေပြီးတော့ လွတ်မြောက်ဖို့ ခံစားတယ်ဆိုတာက အပြင်ဝေဒနာထက် စာရင် ကိုယ့်အတွင်းထဲမှာ ကိုယ်တိုင် လောင်မြိုက်နေရတဲ့ ခံစားနေရတဲ့ အပူတွေ ဒုက္ခတွေ ရှိတယ်။ အဲဒီတော့ ဒီဟာတွေကနေ ကျနော်တို့ ငြိမ်းအေးအောင်လို့၊ လွတ်မြောက်အောင်လို့၊ ပြီးတော့ ဒီ အနုပညာဥယျာဉ်လေး ဆိုရင်လည်း ဒီ အနုပညာကနေတဆင့် ဒီ ငြိမ်းအေးခြင်း တစုံတရာ ကျနော်တို့ ရှာဖွေနိုင်အောင်လို့ ရည်ရွယ်ချက်နဲ့ ဒီ ဝိမုတ္တိ ဆိုပြီးတော့ ပေးဖြစ်တာပါ။ ဒီ ဝိမုတ္တိအနုပညာဥယျာဉ်က ကျနော်တို့ ဒီ ထိုင်းနိုင်ငံရဲ့ အနုပညာ မြို့တော်လို့ တင်စားလို့ ရတဲ့ ချင်းမိုင်မှာ လာပြီးတော့ တည်ရှိတယ်။ ကျနော်တို့တွေ ဝိုင်းပြီးတော့ ဒါကို စတင် အကောင်အထည်ဖော်လိုက်တယ် ဆိုပေမဲ့ ဒီနေရာက ကျနော်တို့ ဒီ ဒေသခံ၊ ထိုင်းအနုပညာရှင်တွေ၊ နောက်ပြီး နိုင်ငံတကာကနေ ရောက်လာကြတဲ့ အနုပညာရှင်တွေနဲ့ အားလုံးပေါင်းပြီးတော့ ကူးလူးဆက်သွယ်ပြီးတော့ ပွင့်လင်းရမဲ့ နေရာဖြစ်တယ်” လို့ ပြောပါတယ်။
ဝိမုတ္တိ အနုပညာဥယျာဉ်မှာ ပြုလုပ်တဲ့ “ART TOGETHER” ဆိုတဲ့ ဒီတွေ့ဆုံပွဲလေးကို တက်ရောက်လာသူတွေဟာ ကဗျာတွေရွတ်၊ သီချင်းတွေဆို၊ Performance Art တွေ လုပ်ခဲ့ကြသလို Live Painting လို့ခေါ်တဲ့ ပန်းချီအတူတကွ ဆွဲတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒီ ဝိမုတ္တိ အနုပညာဥယျာဉ်မှာ လူငယ်တွေနဲ့ နိုင်ငံတကာက အနုပညာရှင်တွေ တွေ့ဆုံချိတ်ဆက်ပြီး အနုပညာတွေ ဖန်တီးနိုင်ဖို့ လစဉ် ဒီလိုမျိုးပွဲတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။
အနုပညာနဲ့ သဘာဝကို အလေးထားပြီး လူမှုအဖွဲ့အစည်းတွေ တွေ့ဆုံချိတ်ဆက်နိုင်ဖို့ အနုပညာကို အခြေခံတဲ့ လှုပ်ရှားမှုတွေ၊ ဆွေးနွေးပွဲတွေ၊ အလုပ်ရုံတွေကို အခမဲ့ ကျင်းပသွားဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။











