
ဇူလိုင်လကုန်ကတည်းကစပြီး မိုးများခဲ့တဲ့အတွက် ရေကြီးရေလျှံမှုဖြစ်ပြီး နိုင်ငံအနှံ့အပြားမှာ လူပေါင်း ၄ သိန်းခွဲကျော် ရေဘေးဒဏ်ကို ခံစားနေကြရပါတယ်။
မြန်မာနိုင်ငံမှာ ရေဘေးဒဏ်ကို နှစ်တိုင်းလိုလို ခံနေကြရပြီး သဘာဝပတ်ဝန်းကျင်ကို စနစ်တကျနဲ့ အချိန်မီ မထိန်းသိမ်းရင် နောက်နှစ်တွေမှာ ရေကြီးရေလျှံမှုတွေ ပိုကြုံရနိုင်တယ်လို့ ကျွမ်းကျင်သူ တွေက ထောက်ပြကြပါတယ်။
နေပြည်တော်အပါအဝင် နိုင်ငံနေရာအနှံ့မှာ မိုးကြီးနိုင်တယ်လို့ စစ်အာဏာရှင်အစိုးရရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ် ၁၃ ရက်နေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
နေပြည်တော်အပါအဝင် ပြည်နယ်နဲ့တိုင်း ၁၄ ခုလုံးမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်ပြီးတော့လည်း မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်လို့ ပြည်သူတွေ သတိထား နေထိုင်ကြဖို့ ကိုလည်း တိုက်တွန်းထားပါတယ်။
ဇူလိုင်လနှောင်းပိုင်းကတည်းက မြန်မာနိုင်ငံမှာ မိုးရွာသွန်းမှုများခဲ့ပြီး ဧရာဝတီတိုင်း လေးမျက်နှာမြို့ ကစလို့ မြန်မာနိုင်ငံအလည်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကတော့ မြန်မာနိုင်ငံမှာ မိုးဆက်လက်များနိုင်သေးတဲ့အတွက် လက်ရှိကြုံနေရတဲ့ ရေဘေးအန္တရာယ်ကနေ မလွတ်မြောက်နိုင်သေးဘူးလို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
“ဘင်္ဂလားပင်လယ်အော်ထဲမှာ မြန်မာ့ရေဘေးကို ပိုမိုအခက်တွေ့စေနိုင်တဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ဖို့ အလားအလာနည်းသွားတဲ့အတွက် ဧရာဝတီမြစ်တလျှောက် အလွန်ဆိုးရွားတဲ့ ရေကြီးမှု အန္တရာယ်ဆိုး ပြင်းပြင်းထန်ထန် ကြုံတွေ့ရနိုင်ခြေ လျော့နည်းသွားပေမဲ့ ဆည်ရေ/မြစ်ရေတွေ တိုးနေတာကြောင့် လက်ရှိကြုံနေရတဲ့ ရေဘေးအန္တရာယ်တွေကတော့ မလွတ်မြောက်နိုင်သေးပါ။”
စစ်ကိုင်းတိုင်းထဲမှာတော့ ရေကြီးမှုကြောင့် မြို့နယ်ပေါင်း ၁၄ ခုမှာ ရေနစ်မြုပ်နေတဲ့အတွက် ပြည်သူ ၂ သောင်းကျော် ရေနစ်မြုပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန် ထားပါတယ်။
မိုးရွာသွန်းမှုများလို့ စစ်ကိုင်းတိုင်းထဲက သဖန်းဆိပ်ဆည် နဲ့ ကာဘိုးဆည်တွေက ရေလွှတ်တာ ပြည်သူတွေကို အကြောင်းမကြားခဲ့တာကြောင့် ကျေးရွာတွေထဲကို ရေဝင်ရောက်ပြီး ရေဘေးဒဏ် ကို ခံလာရတာလို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ရေကြီးမှုဟာ စစ်ကိုင်းတိုင်းမှာ ဆယ်စုနှစ်တွေအတွင်း အကြီးမားဆုံး ရေကြီးမှုဖြစ်တယ်လို့ တန့်ဆည်မြို့နယ် ဒေသခံတယောက်က ပြောပါတယ်။
”တချို့အနိမ့်ပိုင်းနေရာတွေမှာတော့ အိမ်တွေ မြုပ်ပါတယ်ဗျ။ နက်ကျတဲ့ နေရာတွေမှာဆိုရင်တော့ ၄ ပေ ၅ ပေလောက်ရပါတယ်။ ရှေ့လူကြီးတွေ ဒီမှာ အသက်အကြီးဆုံး ၇၀ ကျော်တွေ ပြောတာကတော့ ဒီနှစ်က ပထမဆုံး ဒီလောက်ရေကြီးတဲ့ အခြေအနေလို့ ပြောပါတယ်ဗျ။ အရင်နှစ်တွေက ဒီလောက်မကြီးဖူးဘူးဗျ။ မိုးများဦးတောင်မှ အိမ်ထဲထိတောင် ရေတိုက်တဲ့ အနေအထားမရှိဘူးပေါ့။ ပထမက ရေနစ်တာများတာကတော့ မိုးများလို့ဆိုပြီး စီတုံးလုံးချောင်းကကျတဲ့ရေ၊ ဒါကတော့ မိုးတွင်းရောက်တိုင်း ကြုံတွေ့ရတဲ့ ရေဘေးပေါ့။ ဒါပေမဲ့ ဒီနှစ်ကတော့ သဖန်းဆိပ်က လွှတ်လိုက်တဲ့ရေက အခုချိန်ထိတောင် မနားတော့ အခုချိန်ထိ ရေကြီးနေတာလေ။”
ရေကြီးနေတဲ့ဒေသတွေထဲမှာ စစ်ကိုင်းတိုင်းက ရေကြီးရေလျံမှုဒဏ်ကို အဆိုးဝါးဆုံး ခံစား နေရတာပါ။ မြန်မာနိုင်ငံမှာ အရင်နှစ်တွေထက် မိုးသည်းထန်စွာ ရွာတဲ့ရက် ရှည်ကြာတယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ပြောထားပါတယ်။
ဒီလို မိုးများတဲ့အချိန်မှာ သစ်တောပြုန်းတီးမှုကြောင့် ရွာသွန်းလိုက်တဲ့ မိုးရေပမာဏကို မြေဆီလွှာက မစုပ်ယူနိုင်ဘဲ မြေမျက်နှာပြင်ပေါ်မှာ စီးဆင်းသွားတဲ့အတွက် ရေကြီးတာတွေ၊ မြေပြိုတာတွေ ဖြစ်ရတာလို့ သဘာဝပတ်ဝန်းကျင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ဆိုပါတယ်။
အဲဒီလိုစီးဆင်းတဲ့အခါ မြန်မာနိုင်ငံမှာ ရေစီးရေလာကောင်းမွန်တဲ့ မြောင်းစနစ်မကောင်းတဲ့အတွက် မြို့၊ ရွာ၊ ရပ်ကွက်တွေကို ရေဝင်ရောက်မှုများပြီး ရေကြီးမှုတွေ ဖြစ်စေတာပါ။
ဒီလို ရေကြီးရေလျှံမှုတွေကိုလျော့ချဖို့ သယံဇာတထုတ်ယူမှုလျော့ချဖို့၊ မြို့ပြဧရိယာတွေမှာ ရေအသုံးချမှုစီမံခန့်ခွဲမှုတွေ၊ သစ်တောတွေကို ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
အာဏာမသိမ်းခင်ကာလကတော့ ရေကြီးမှုတွေ လျော့ကျစေဖို့အတွက် နိုင်ငံတကာနဲ့ပူးပေါင်းပြီး မြစ်ချောင်းထိန်းသိမ်းမှုနဲ့ သယံဇာတကို စနစ်တကျထုတ်ယူဖို့အတွက် ဆောင်ရွက်ခဲ့ကြပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အဲ့ဒီလုပ်ငန်းတွေ အားလုံးရပ်တန့်ကုန်တယ်လို့ အဲဒီလုပ်ငန်း တွေမှာ ပါဝင်ခဲ့တဲ့ ဘူမိဗေဒပညာရှင် ဦးမျိုးသန့်က ပြောပါတယ်။
ဒါကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းမှုမရှိရင်၊ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင် ပြင်ဆင်ထားတာမရှိရင် ဒီအခြေအနေတွေကို ဆက်ပြီးကြုံနေရမယ်လို့ သူက သတိပေးပါတယ်။
ဘူမိဗေဒပညာရှင် ဦးမျိုးသန့် “မြို့ပြဧရိယာတွေမှာတော့ မြေအသုံးချမှု စီမံခန့်ခွဲဖို့ မရှိတာ အားနည်းတာပေါ့လေ၊ ဒါတွေက အရေးကြီးတယ်။ အဲ့ဒါတွေကို စီမံခန့်ခွဲ control လုပ်နိုင်မှသာလျှင် ဒါက သက်သာမယ်ပေါ့လေ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ အခုကာလမှာ သဘာဝဘေးနဲ့ ပတ်သက်ပြီးတော့ ကြိုတင်ပြင်ဆင်မှုအပိုင်း လုံးဝမရှိဘူး၊ လုံးဝလည်း ရပ်ဆိုင်းနေတယ်။ Emergency plan လုံးဝကို အုပ်ချုပ်တဲ့သူတွေမှာ ရှိမနေဘူး။ ဒါကြောင့်မလို့ ဒါတွေက ဆက်ကြုံနေဦးမှာပဲ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့က မြို့နယ် ၂၁ ခုမှာ ရေနစ်မြုပ်နေပြီး ပြည်သူ ၄၅၂,၀၀၀ ကျော် ရေဘေးဒဏ်ကို ခံစားနေကြရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။











