
အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှု ကို မြောက်ကိုရီးယားက နိုဝင်ဘာ ၂၃ ရက်မှာ ရှုတ်ချခဲ့ပြီး နိုင်ငံတော်ကို ကာကွယ်ဖို့ လိုအပ်လာရင် ချက်ခြင်း အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ၃ နိုင်ငံဟာ "Freedom Edge" လို့ အမည်ပေးထားတဲ့ ၃ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပြီး အဲဒီလေ့ကျင့်မှုမှာ တိုက်လေယာဉ်တွေနဲ့ ရေကြောင်း ကင်းလှည့် လေယာဉ်တွေအပြင် အမေရိကန် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS ဂျော့ဂျ် ဝါရှင်တန်လည်း ပါ၀င်ပါတယ်။
အမေရိကန်နဲ့ သူ့နောက်လိုက်တွေဟာ ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယား) ကို ရန်လိုတဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပြီး အဲဒီလုပ်ရပ် တွေဟာ ကိုရီးယားကျွန်းဆွယ်နဲ့ အနီးတဝိုက်မှာ စစ်ရေးအရ ထိပ်တိုက် ရင်ဆိုင်မှုနဲ့ တကယ့် လက်နက်ကိုင်ပဋိပက္ခ အစစ်အမှန်ကို ဖြစ်သွားစေနိုင်တဲ့ ရန်စလှုံ့ဆော်မှုနဲ့ မတည်ငြိမ်မှု တို့ကို နောက်ထပ်ဖြစ်စေဖို့ ဦးတည်နေတယ်လို့ မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့ သူ့မဟာမိတ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်နေရင်း အန္တရာယ်ကို ကြိုတင်ထိန်းချုပ်ဖို့ လိုအပ်လာရင် ချက်ချင်း အရေးယူဆောင်ရွက်သွားမယ် လို့ နိုင်ငံပိုင်မီဒီယာ KCNA မှ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source: Reuters











