DVB Logo
Home
မြန်မာသတင်း
သထုံတွင် စစ်တပ်ကျောင်းကား တိုက်ခိုက်ခံရပြီး ၁ ဦးသေ
DVB
·
November 23, 2024
သထုံတွင် စစ်တပ်ကျောင်းကား တိုက်ခိုက်ခံရပြီး ၁ ဦးသေ
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းက ကျောင်းပို့ရာကနေပြန်လာတဲ့ စစ်ကား ၁စီး အနီးကပ်ပစ်ခတ်ခံခဲ့ရပြီး စစ်သား ၁ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ကျေးရွာ၊ သိမ်ဆိပ် - ဝီယော်လမ်းဆုံက Denko ဆီဆိုင်နားမှာ မနက် ၈ နာရီကျော်က ကျောင်းပို့ပြီးပြန်လာတဲ့ စစ်တပ်ကားကို တော်လှန်ရေးအဖွဲ့တွေက အနီးကပ် တိုက်ခိုက်ခဲ့တာကြောင့် ယာဉ်မောင်းသေဆုံးပြီး ပါလာတဲ့ စစ်သား ၃ ယောက်လည်း ဒဏ်ရာရသွားတယ်လို့ သထုံမြို့ပြပြောက်ကျားတပ်ဖွဲ့တာဝန်ခံ မောင်သုညက DVB ကိုပြောပါတယ်။

“ကျနော်တို့က စစ်ကိုစစ်လိုပဲတိုက်တာ။ မဆိုင်တဲ့သူတွေမလုပ်ချင်လို့ အခုလိုစောင့်ပြီး အနီးကပ်တိုက်ခဲ့တာပါ။ ပေးချင်တဲ့မက်ဆေ့က လက်နက်ကိုင်ထားတဲ့ စစ်သားတွေကိုပဲ အဓိက လုပ်တယ်ဆိုတာ သိစေချင်လို့ပါ” လို့ ပြောပါတယ်။

အဲဒီကားဟာ ခမရ ၉ က ကျောင်း ကြိုပို့ကားဖြစ်ပြီး တိုက်ခိုက်ခံရလို့ ယာဉ်မောင်းစစ်သားရဲ့ ရင်ဘတ်နဲ့ ပေါင်းမှာ ကျည်ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့သလို ကားပေါ်ပါလာတဲ့ စစ်သား ၃ ယောက်လည်း ဒဏ်ရာပြင်းထန်လို့ သထုံဆေးရုံကတဆင့် မော်လမြိုင်ဆေးရုံကြီးဆီ ပို့ထားရသလို တော်လှန်ရေးရဲဘော် ၁ ယောက် ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ သထုံမြို့ပြအထူးပြောက်ကျားအဖွဲနဲ့ Hawk Revolutionary Squad (HRS) တို့က ပူပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း ကျိုက္ကော် တိုင်ကောက်လမ်းဝမှာ စစ်ဘက်ရေးရာလုံခြုံရေး တပ်ဖွဲ့ဝင်(စရဖ) သန်းနိုင်ဆိုသူကို သထုံမြို့ပြပြောက်ကျားအဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သေးတယ်လို့ နယ်ခံတော်လှန်ရေး အဖွဲ့တွေဆီက သိရပါတယ်။

တပ်မ ၄၄ လက်အောက်ခံ ဝင်းပအခြေစိုက် ခမရ ၉ ​ဟာ ထုံးဘိုကြီး၊ ထုံးဘိုလေး စတဲ့ရွာတွေထဲကို လက်နက်ကြီးနဲ့ နေ့တိုင်းနီးပါး ပစ်ခတ်နေတာကြောင့် ဒေသခံ ၁၀၀ လောက် ထိခိုက်သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013