
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာမှာ သစ်ပင်ပေါ်တက်ပြီး သစ်ကိုင်းခုတ်တဲ့ အမျိုးသား တယောက် ဓာတ်လိုက်သေဆုံးသွားတယ်လို့ သထုံမြို့ခံတွေဆီက သိရပါတယ်။
ဇူလိုင် ၁ ရက် မနက် ၁၀ နာရီလောက်က သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာက ဓာတ်တော်တိုက် လမ်းဘေး၊ လျှပ်စစ်မီးတိုင်အနီး ဗန်ဒါပင်အကိုင်းအခက်တွေကို အပင်ပေါ် တက်ရောက် ခုတ်ထွင် ရှင်းလင်းတဲ့ အမျိုးသားဟာ လျှပ်စစ်ဓာတ်ကြိုးနဲ့ ထိမိပြီး ဓာတ်လိုက် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတယောက်က “သစ်ပင်နဲ့ ဓာတ်ကြိုးတွေ၊ သစ်ကိုင်းတွေနဲ့ ရှုပ်ယှက်ခတ် နေတာ။ သစ်ကိုင်းတွေကို ဓားနဲ့ အပင်ပေါ်တက်ခုတ်တာ။ ဓာတ်ကြိုးကို သွားထိမိပြီး ဓာတ်လိုက် သွားတာ။ လူမှုကူညီရေးအသင်းအဖွဲ့တွေ ရောက်တော့ အသက်မရှိတော့ဘူး” လို့ ပြောပါတယ်။
ဓာတ်လိုက်သေဆုံးသွားတဲ့ အမျိုးသားဟာ အသက် ၃၀ ဝန်းကျင်အရွယ်ဖြစ်ပြီး ဓာတ်လိုက် သေဆုံးသူဟာ မြေပေါ်ကို ပြုတ်မကျဘဲ သစ်ပင်ပေါ် တွဲလောင်းဖြစ်နေတာကြောင့် လျှပ်စစ်ဝန်ထမ်း တွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ခက်ခက်ခဲခဲ အောက်ကို သယ်ယူခဲ့ရတယ်လို့ သိရပါတယ်။
ဓာတ်လိုက်သေဆုံးတဲ့ အမျိုးသားရုပ်အလောင်းကို သထုံအခြေပြု ဒေသခံကူညီကယ်ဆယ်ရေး အဖွဲ့တွေက သထုံပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။











