
ရန်ကုန် တာမွေမြို့နယ်၊ မလွှကုန်းဘူတာနားက ရထားသံလမ်းကူးတံတားအောက်မှာ အမျိုးသား တယောက် သေဆုံးနေတာကို စက်တင်ဘာ ၁၂ ရက် ဒီနေ့မနက်က တွေ့ရတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
တီရှပ်အနက်ရောင်၊ ဂျင်းဘောင်ဘီဝတ်ထားတဲ့ သက်လတ်ပိုင်းအရွယ်အမျိုးသားရဲ့ လည်ပင်းမှာ ဝါယာကြိုးတချောင်းနဲ့ တုပ်ထားသလို ကြိုးစတဖက်ကို ရထားသံလမ်းခြံစည်းရိုးမှာ ချည်ထားတဲ့ ပုံစံနဲ့ သေဆုံးနေတာပါ။
ကျောက်မြောင်းရပ်ကွက်နဲ့ ပုသိမ်ညွန့်ရပ်ကွက်ကို ဆက်သွယ်ထားတဲ့ တံတားရဲ့ ကျောက်မြောင်း ဘက်ခြမ်းလှေကားအဆင်းအောက်မှာ သေနေတာပါ။
အခင်းဖြစ်စဉ်ကို တွေ့ခဲ့ရသူတယောက်က “ကြိုးဆွဲချတာ မဖြစ်နိုင်ဘူး။ သေမှလာချည်ထားပုံပဲ” လို့ ပြောပါတယ်။
မိုးလင်းကတည်းက တွေ့တာလို့ ဒေသခံတွေက ပြောပေမဲ့ ဒီမနက် ၉ နာရီ ၄၀ မိနစ်လောက်အထိ ရုပ်အလောင်းဟာ အဲဒီမှာပဲ ရှိပါသေးတယ်။
အဲဒီသံလမ်းတံတားဝန်းကျင်မှာ အရင်ကလည်း လုယက်မှု၊ ဓားထိုးမှုတွေ မကြာခဏ ဖြစ်လေ့ ရှိပြီး ညမှောင်ချိန်ရောက်တာနဲ့ မလုံခြုံဘူးလို့ ဒေသခံတချို့က ပြောပါတယ်။











