
ရခိုင်ပြည်နယ် ဂွမြို့နယ်၊ ကုလားချောင်းရွာကို ဇူလိုင် ၁၀ ရက်နေ့က စစ်တပ်ရဲ့ဗုံးကြဲမှုမှာ ဒဏ်ရာရ အမျိုးသား ၁ ယောက် ထပ်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၁၀ ရက်၊ မနက် ၁၀ နာရီလောက်မှာ စစ်အာဏာရှင်တပ်က ဗုံးကြဲလို့ ကလေး ၁ ယောက် အပါအဝင် ကျေးရွာသား ၃ ယောက် နေရာမှာတင်သေဆုံးခဲ့ကြတာဖြစ်ပြီး ဒဏ်ရာရတဲ့ ၂ ယောက် ထဲက အမျိုးသား ၁ ယောက်ကို ဆေးကုသဖို့ပို့နေတုန်း လမ်းမှာသေဆုံးသွားတာလို့ ဂွဒေသခံ တယောက်က ပြောပါတယ်။
“ကုလားချောင်းရွာဗုံးကြဲခံရမှုမှာ ဒဏ်ရာပြင်းထန်ရရှိသွားတဲ့ အမျိုးသားတဦး ထပ်မံသေဆုံးသွား တယ်။ ဆေးကုသဖို့ ပို့ဆောင်နေစဉ် လမ်းမှာသေဆုံးသွားတာ။ အခင်းဖြစ်တဲ့ နေရာမှာလည်း ကလေးတဦးနဲ့ အမျိုးသားတဦး၊ အမျိုးသမီးတဦး သေဆုံးခဲ့တယ်။ စုစုပေါင်း သေဆုံးသူ ၄ ဦး ရှိလာပြီ” လို့ပြောပါတယ်။
အသက် ၃၀ အရွယ် ကိုအောင်သူဖြိုးဟာ ဆေးကုသဖို့သွားနေတုန်း သေဆုံးသွားတာဖြစ်ပြီး ဗုံးကြဲ တဲ့ နေရာမှာ အသက် ၅၄ နှစ်အရွယ် ဦးညွန့်မောင်၊ ၅၃ နှစ်အရွယ် ဒေါ်မမလေးနဲ့ ၃ နှစ်အရွယ် မောင်ဖိုးသားလေးတို့ သေဆုံးခဲ့ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် ၈ ခုထက်မနည်း ရေးဘေးသင့်ပြီး အရေးပေါ် ကယ်ဆယ်ရေးပြုလုပ်နေကြချိန်မှာ တဘက်ရဲ့အခက်အခဲကို အခွင့်ကောင်းယူပြီး ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်တာဟာ စစ်သားမဆန်တဲ့၊ ယောကျ်ားမဆန်တဲ့ သူရဲဘောကြောင်သူတွေပဲလို့ ရခိုင်စစ်ရေးအကဲခတ် အမျိုးသားတယောက်က ပြောပါတယ်။
“ရခိုင်မှာ မြို့နယ် ၈ ခု ရေဘေးသင့်လို ပြည်သူတွေ ဒုက္ခရောက်နေချိန်၊ အစိုးရက အလုပ်များ နေစဉ်မှာ အခွင့်ကောင်းယူပြီး အခြားတဘက်က ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်တယ်ဆိုတာ စစ်သားကောင်း၊ ယောက်ျားကောင်းတွေရဲ့လုပ်ရပ်မဟုတ်ဘူး။ လက်နက်မဲ့ပြည်သူတွေကို သတ်ဖြတ်ဝံ့တာဟာ သတ္တိမဟုတ်ဘူး၊ သူရဲဘောကြောင်တာလို့ ခေါ်တယ်။ ဂွဆိုတာ စစ်မြေပြင်မဟုတ်ဘူး။ ဧရာဝတီဘက်မှာ အရှုံးတွေကြောင့် စစ်တပ်က ဂွကို ရှုံးမဲမဲနေတာ” လို့ ပြောလို့ပါတယ်။
ဇူလိုင် ၁၀ ရက်နေ့ တရက်တည်းမှာပဲ ဂွမြို့နယ်၊ ပေါက်တူကျေးရွာ စာသင်ကျောင်းကိုလည်း စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းတခုလုံး ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ဇူလိုင် ၇ ရက်နေ့နဲ့ ၈ ရက်နေ့ကလည်း ဂွမြို့နဲ့ ဂွကမ်းခြေကို လေကြောင်း တိုက်ခိုက်တာ၊ ရေတပ်သင်္ဘောတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာတွေကြောင့် ကလေးတွေအပါဝင် အရပ်သား ၆ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။










