စစ်အာဏာရှင်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် သထုံမြို့နယ်က အမြွှာကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ယောက်နဲ့ ကလေးငယ် ၁ ယောက် သေဆုံးပြီး နောက်ထပ် ၂ ယောက် ဒဏ်ရာရ တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)က ဇွန် ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ဇွန် ၂၂ ရက် ညနေ ၅ နာရီလောက်က တိုက်ပွဲမဖြစ်ဘဲ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခမရ ၃ က အရပ်သားပြည်သူတွေနေထိုင်တဲ့ သထုံမြို့နယ်၊ ကဒီပုကျေးရွာအုပ်စု၊ ပဏ္ဍိကုန်းကျေးရွာကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ပဏ္ဍိကုန်းကျေးရွာနေ ကိုငယ်ရဲ့ ဇနီး အသက် ၄၁ နှစ်အရွယ် ဒေါ်ဇင်မာစိုးဟာ လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့ပါတယ်။
ဒေါ်ဇင်မာစိုးဟာ ကိုယ်ဝန် ၇ လရှိသူဖြစ်ပြီး ဝမ်းတွင်းက အမြွှာသမီး ၂ ယောက်လည်း အသက်ဆုံးရှုံးခဲ့ရသလို သူတို့အိမ်လည်း မီးလောက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပဏ္ဍိကုန်းကျေးရွာနေ ကိုမောင်လေးဟာ ဘယ်ဘက်ပေါင်မှာ လက်နက်ကြီး ကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ပြီး သမီးဖြစ်သူ အသက် ၁၁ နှစ်အရွယ် မိစနေကတော့ ကျည်စထိမှန် သေဆုံး သွားကာ အသက် ၅ နှစ်အရွယ် သမီး မိယွန်း ကတော့ ကျောပြင်မှာ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာ ရသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရွာထဲက နွား ၁ ကောင် သေဆုံးခဲ့ပြီး နောက်တကောင် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇွန် ၁၈ ရက်ကလည်း ကျိုက်ထိုမြို့နယ်ကို စစ်အာဏာရှင်က ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးကြဲချ ခဲ့လို့ ဆောသုခီး (ကျောက်ဖျာ) ကျေးရွာအုပ်စု၊ သဝေါသော (ချောင်းစောင့်) ကျေးရွာထိပ် က ကုန်စုံအရောင်းဆိုင်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဆိုင်ပိုင်ရှင် စောကျော်တင့် သေဆုံးခဲ့ပါ သေးတယ်။










