
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ-ဘားအံလမ်းပေါ်မှာ မေ ၁၀ ရက် မနေ့ညနေက ကားနဲ့တိုက်မိပြီး ဆိုင်ကယ်စီးလာတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် တက္ကသိုလ်ကျောင်းသူ ၃ ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ထောင်မှူးကျေးရွာအုပ်စု၊ လေးတိုင်ကျေးရွာ၊ သထုံ-ဘားအံလမ်းပေါ်မှာ မွေးနေ့ကိတ်ဝယ်ပြီး ပြန်လာတဲ့ မိန်းကလေးတွေစီးလာတဲ့ ဆိုင်ကယ်ဟာ ညနေ ၄ နာရီက အိမ်စီးကားတစီးနဲ့ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာပါ။
သုဓမ္မဝတီ မြို့သစ်ဘက်က မွေးနေ့ကိတ်ယူပြီး ပြန်လာချိန် ဘားအံဘက်ကနေ သထုံဘက်ကို မောင်းလာတဲ့ ကားနဲ့ တိုက်မိခဲ့တာလို့ သိရပါတယ်။
သေဆုံးသူတွေဟာ သထုံမြို့နယ်၊ ကြာပန်းကျေးရွာ၊ တာယာစက်ရုံဝင်းမှာ နေထိုင်ကြတဲ့ အသက် ၁၉ နှစ်နဲ့ ၂၀ အရွယ် မော်လမြိုင် နည်းပညာတက္ကသိုလ်နဲ့ မော်လမြိုင်တက္ကသိုလ်က ကျောင်းသူတွေ ဖြစ်ကြပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို လူမှုကူညီရေးအသင်းတွေက သထုံပြည်သူ့ဆေးရုံကြီးဆီ ပို့ပေးခဲ့ပြီး မေ ၁၂ ရက် မနက်ဖြန် ညောင်ဝိုင်း သုံးအိမ်စုသုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်ကလည်း သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး သံဃာတွေအပါအဝင် ၁၃ ယောက် သေဆုံးခဲ့ပါတယ်။










