DVB Logo
Home
မြန်မာသတင်း
ဆီမီးခုံနှင့် ချောင်းဦးတွင် စစ်သားနှင့်ရဲများ တိုက်ခိုက်ခံရပြီး ၆ ဦးသေ
DVB
·
November 23, 2024
ဆီမီးခုံနှင့် ချောင်းဦးတွင် စစ်သားနှင့်ရဲများ တိုက်ခိုက်ခံရပြီး ၆ ဦးသေ
1 / 2
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရလို့ ၂ ယောက် သေဆုံးသွားပြီး စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၄ ယောက် သေဆုံးတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မန္တလေး-မုံရွာလမ်းပေါ်မှာ နိုဝင်ဘာ ၂၁ ရက်နေ့ မနက် ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးခဲ့ပါတယ်။

Chaung U PDF ရဲ့ ပြန်ကြားရေးတာဝန်ရှိသူတယောက်က “သူတို့ဘက်က အင်အား ၁၀ ယောက် လောက်နဲ့ ချောင်းဦးဘက်ကနေ မန္တလေးဘက်ကို မန္တလေး-မုံရွာလမ်းအတိုင်း Canda အမျိုးအစားအရပ်ကားနဲ့ မိုင်းရှင်းဖို့ထွက်လာတယ်လို့ ယူဆတယ်ဗျ။ ချောင်းဦးမြို့အထွက်နားမှာ ကားပေါ်ကဆင်းဆင်းချင်ပဲ ပဒေသာမိုင်း ၂ လုံးဆွဲလိုက်တာ ၄ ယောက် လစ်သွားတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အရေအတွက်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

Chaung U PDF ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “၄ ယောက်သေတာကတော့ အတိအကျသိရတယ်ခင်ဗျ။ သေတဲ့အလောင်းတွေကို ခရီးသည်တင် Express နဲ့တားပြီး တင်သွားတယ်။ ဒဏ်ရာရတဲ့ကောင်တွေကိုလည်း ချောင်းဦးဆေးရုံနဲ့ မုံရွာဆေးရုံတွေကို ပို့လိုက်တယ်လို့ သိရတယ်။ ထပ်သေ မသေဆိုတာတော့ မသိရသေးဘူး။ မိုင်းဆွဲတဲ့နေရာက သူတို့ဘက်က အထိုင်စခန်းတခုနဲ့နီးနေလို့ သူတို့ဆီက လက်နက်တွေ မကောက်နိုင်တော့ဘဲ ပြန်ဆုတ်ခဲ့ရတယ်” လို့ ပြောပါတယ်။

ချောင်းဦးမြို့နယ် ပကဖ (Chaung U PDF) တပ်ခွဲ ၄ က တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာမတွေ့ရသလို DVB အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

မန္တလေး-မုံရွာလမ်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာခဏ တိုက်ခိုက်ခံနေရလို့ သေဆုံးဒဏ်ရာရတာတွေရှိသလို စစ်ကောင်စီဘက်ကလည်း စစ်သားအင်အားတိုးမြှင့်ချထားတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့လည်း အဆိုပါလမ်းကိုအသုံးပြုနေတဲ့ ယာဉ်မောင်းတွေက ပြောပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှာလည်း နိုဝင်ဘာ ၂၁ ရက် နေ့လယ် ၁၂ နာရီခွဲဝန်းကျင်က စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီး ၂ ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ ဆီမီးခုံမြို့ခံတယောက်က “ဆီမီးခုံမြို့လယ်က ရွှေစည်းခုံဘုရားအရှေ့ဘက်မှာရှိတဲ့ ကောင်းမြတ်အောင် လက်ဖက်ရည်ဆိုင်ထဲမှာ အပစ်ခံရတာပါ။ အပစ်ခံရတဲ့ ရဲ ၃ ယောက်လုံးက မူးနေကြတာတဲ့။ ၂ ယောက်ကတော့ တန်းသေတယ်။ ၁ ယောက်ကတော့ ဒီမြို့ဆေးရုံကမနိုင်လို့ တခြားဆေးရုံကို ပို့လိုက်တယ်” လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေပစ်ခတ်ခံရပြီး ဆီမီးခုံရဲစခန်းအတွင်းကနေ ပစ်ခတ်သံတွေထွက်ပေါ်လာပေမယ့် မြို့ခံပြည်သူတွေထိခိုက်ဒဏ်ရာရတာမရှိသလို နိုဝင်ဘာ ၂၂ ရက်နေ့မှာလည်း အဆိုပါရဲစခန်းအတွင်း ရဲတပ်ဖွဲ့ဝင်အင်အားတွေတိုးမြှင့်ချထားတယ်လို့ သူက ဆက်ပြောပါတယ်။

ကောင်းမြတ်အောင် လက်ဖက်ရည်ဆိုင်ဟာ ဆီမီးခုံရဲစခန်းနဲ့မီတာ ၁၀၀ နီးပါးသာကွာဝေးပြီး ပစ်ခတ်မှုကို မိုင်းဇာနည်ပြောက်ကျားတပ်ဖွဲ့၊ MP 9 အဖွဲ့၊ တလုပ် PDF တို့နဲ့အတူ ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

မိုင်းဇာနည်ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ခံက “အဲဒီမစ်ရှင်ကို ကျနော်တို့ပူးပေါင်းအဖွဲ့တွေက ရဲဘော်တွေလုပ်ခဲ့ကြတာပါ။ ထော်လာဂျီနဲ့သွားပြီး ဆိုင်ထဲဝင်ပစ်ခဲ့တာပါဗျာ။ ၃ ကောင်လုံးမသေလို့ စိတ်မကောင်းဘူးပေါ့နော်။ ဒါပေမယ့် သူတို့ ၃ ယောက်လုံးရဲ့ G3 သေနတ် ၃ လက်နဲ့ ကျည်တွေတော့ရခဲ့ပါတယ်။ သူတို့ ရဲစခန်းထဲက သေနတ်သံတွေကြားတာနဲ့ လက်နက်တွေသိမ်းပြီး ဆိုင်ထဲကနေချက်ချင်းပြန်ထွက်လာတာ ရဲဘော်တွေ အထိအခိုက်မရှိပါဘူး။ အားလုံးအေးဆေးပါပဲ” လို့ DVB ကို ပြောပါတယ်။

ဆီမီးခုံမြို့မှာ စစ်ကောင်စီတပ် အင်အားအများအပြား တပ်စွဲနေကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြင်းခြံမြို့နယ်အပြင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့နေကြတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့ကလည်း ဆီမီးခုံရဲစခန်းအနီး ၄၀ မမ သေနတ်လွယ်ပြီး ကွမ်းဝယ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်္ဂုလိဆိုသူကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်လုံးထွေးပြီး ၄၀ မမ သေနတ်ကိုလုယူခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013