
စစ်တပ်က ပြန်ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ကျေးရွာအားလုံးနီးပါးမှာ စစ်ကောင်စီက အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ ပြန်လည်ခန့်အပ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းလည်ပတ်ဖို့ ကြိုးစားနေတာပါ။
ဩဂုတ်လကုန်ပိုင်းမှာ မတ္တရာမြို့နယ်အနောက်ခြမ်း ဗောဓိရွာ၊ လယ်ကြီးရွာ၊ တောင်ခြံရွာ၊ ရွာသစ်ကလေးရွာနဲ့ သရက်တော(အရှေ့)ရွာ တို့မှာ စစ်မှုမထမ်းမနေရ စာရင်းလိုက်ကောက်နေပြီး မဲပေါက်တဲ့သူက စစ်မှုထမ်းရမှာ ဖြစ်သလို မဲမပေါက်တဲ့သူက ငွေကျပ် နှစ်သိန်းခွဲပေးရမှာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနယ်အားလုံးကို ၂၀၂၅ နှစ်လယ်ပိုင်းကစပြီး စစ်တပ်က တစတစ ပြန်ထိန်းချုပ်ခဲ့တာပါ။
မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့က ကိုဒေါင်း က “ဒီနေ့ရထားတဲ့ သတင်းကတော့ မတ္တရာအနောက်ခြမ်းမှာ သဲကောအုပ်စုဝန်းကျင်တွေမှာ စကစက စစ်မှုထမ်းဖို့ လုပ်နေတာတွေ ရှိတယ်ဗျ။ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းကတော့ အခုဆိုရင် စကစတွေက ဧရာဝတီမြစ်ကြောင်းတလျှောက်တွေကို အင်အားတွေ အလုံးအရင်းတိုးပြီး ကာထားတယ်။ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာ ရှိပါတယ်ဗျ။ မတ္တရာနယ်မှာတော့ ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ရပ်ရွာတွေကို ဧရာဝတီမြစ်ရေက မြင့်တက်လာပြီ ဖြစ်တဲ့အတွက် လှေတွေ ဖြတ်သန်းသွားလာခွင့်တွေ စကစတွေကပိတ်ထားပါတယ်။ ပြည်သူတွေကိုလည်း ဘယ်မှ သွားလာခွင့်မပြုဘူးဆိုတဲ့ ပုံစံမျိုးတွေ ကြားနေရပါတယ်ဗျ။ မထင်ရင်မထင်သလို ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်တာတွေ ရှိတယ်။ စစ်ဆေးမေးမြန်းတာတွေလည်းရှိတယ်။ ခုဆိုရင်တော့ ရွာစဉ် ရွာစဉ်မှာ ရွာတိုင်းနီးပါးပဲ စကစ အုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူးတွေ ခန့်အပ်ထားတာတွေ ရှိနေပါပြီဗျ။” လို့ ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးလှိုင်းမှာ တော်လှန်ရေးအားကောင်းခဲ့တဲ့ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း နယ်တွေဟာ လက်ရှိမှာတော့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်စုစည်းနိုင်ရေးမှာ အားနည်းချက်တွေ ရှိလာတာပါ။
တရုတ်အစိုးရရဲ့ထောက်ပံ့မှုကြောင့် စစ်အာဏာရှင်ဘက်ကအားကောင်းလာချိန်မှာ တော်လှန်ရေး အစုအဖွဲ့တွေဘက်က သဘောထားကွဲလွဲမှုတွေ၊ အချင်းချင်း ဖမ်းဆီးထိန်းသိမ်းတာတွေအထိ ဖြစ်ခဲ့တာပါ။
၂၀၂၅ နှစ်ကုန်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်မုန်တိုင်းနဲ့ ရဲဘော်တချို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာက လတ်တလော ဒေသတွင်း တော်လှန်ရေးလူငယ်တွေကို ပြန်စုစည်းရာမှာ အားနည်းချက်ဖြစ်စေခဲ့တယ်လို့ မန္တလေးဒေသခံနိုင်ငံရေးလေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
ဖမ်းဆီးတုန်းက ကတိကဝတ်တွေအတိုင်း ဆောင်ရွက်ပေးတာ ဒါမှမဟုတ် အောက်ခြေရဲဘော်တွေ ကျေနပ်နိုင်လောက်တဲ့ ဖြေရှင်းမှုပေးတာမျိုး လက်ရှိခေါင်းဆောင်တွေက ဆောင်ရွက်ပေးနိုင်ဖို့ လိုအပ်တယ်လို့ ဆိုကြပါတယ်။
ဉာဏ်လင်းသစ် သုတေသနအဖွဲ့က မိုးထက်နေ က “မန္တလေးတိုင်း တတိုင်းလုံးရဲ့ ပြဿနာပေါ့လေ။ မန္တလေးတိုင်း တကယ်ကို စစ်အောင်ခဲ့တဲ့နယ်မြေတွေပေါ့လေ၊ အဲဒီပြဿနာကတော့ ဗိုလ်မုန်တိုင်းရဲ့ ပြဿနာပေါ့။ အဲဒီဟာကိုရှင်းဖို့အရေးအကြီးဆုံးလို့ ကျနော်တော့ နားလည်တယ်။ တချို့ တော်လှန်ရေးထဲကရဲဘော်တွေ ထိုင်သွားတာတို့၊ ကိုယ့်နေရာကိုယ်ပြန်သွားတာတို့၊ တခြားသင့်တော်ရာမှာ တော်လှန်ရေးတာဝန်တွေ မထမ်းဆောင်တော့ဘဲ နေလိုက်ကြတာတို့ ဘာတို့ဆိုတာ MDF-PDF ရဲ့ ခေါင်းဆောင်ပိုင်းပေါ်ကို အရေးယူတဲ့ပုံစံက ပုံစံကျမနေတဲ့ဟာအပေါ် မူတည်တယ်လို့ ကျနော်ကတော့ အဲဒီလိုပဲနားလည်တယ်။ အဲဒါကိုရှင်းလိုက်နိုင်တယ်ဆိုရင် တချို့လူတွေက တော်လှန်ရေးတာဝန်တွေဆက်ပြီးတော့ လုပ်တာမျိုး ဒီလိုမျိုးတော့ဖြစ်လိမ့်မယ်လို့ ကျနော် အဲဒီလို နားလည်တာပဲ” လို့ ပြောပါတယ်။
ဗိုလ်မုန်တိုင်းကို ဖမ်းဆီးထားတာ ၆ လကျော်လာချိန်မှာ သူ့ကိုပြန်လွှတ်ပေးဖို့ ဒါမှမဟုတ် တွေ့ဆုံခွင့်ပေးဖို့ အောက်ခြေရဲဘော်တွေက NUG သမ္မတရုံးကို စာပို့ခဲ့ပေမဲ့ လက်ရှိအချိန်အထိ NUG ဘက်က ပြန်ကြားချက် တစုံတရာမရှိခဲ့ပါဘူး။
ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးရဲ့မှတ်တမ်းတွေအရ ၂၀၂၄ ဇူလိုင်နဲ့ ဩဂုတ်လမှာ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၃၅ ခု၊ သပိတ်ကျင်းမြို့နယ်ထဲက တပ်စခန်း ၈ ခု၊ စဉ့်ကူးမြို့နယ်ထဲက တပ်စခန်းအားလုံးနဲ့ စဉ့်ကူးမြို့၊ ရှမ်း-မန်းနယ်စပ် မိုးမိတ်၊ မိုးကုတ်၊ နောင်ချိုမြို့တို့ကို သိမ်းယူနိုင်တဲ့အထိ အောင်မြင်မှုရခဲ့တာ ဖြစ်ပါတယ်။











