DVB Logo
Home
မြန်မာသတင်း
ရေစကြို သဲတောရွာ PDF စခန်းငယ်တခု စီးနင်းခံရ၊ ရွှေဘိုမြို့နယ် ဇီးဖြူကုန်းရွာကို စစ်တပ်က မီးရှို့
DVB
·
November 22, 2024
ရေစကြို သဲတောရွာ PDF စခန်းငယ်တခု စီးနင်းခံရ၊ ရွှေဘိုမြို့နယ် ဇီးဖြူကုန်းရွာကို စစ်တပ်က မီးရှို့
1 / 4
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၁ ရက် မနက် ၅ နာရီခွဲဝန်းကျင်မှာ စစ်ကြောင်းထိုးဝင်ရောက်ပြီး လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၃ ယောက် ဒဏ်ရာရရှိကာ ရွာခံပြည်သူတွေကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “လေယာဥ်နဲ့ ဗုံးအရင်ကြဲတယ်။ ပြီးမှ စစ်ကြောင်းက ဝင်လာတာ။ ဗုံးစမှန်လို့ အမျိုးသားတယောက်နဲ့ အမျိုးသမီး ၂ ယောက် ဒဏ်ရာရတယ်။ အဲဒီတော့ ရွာသားတချို့ ထွက်ပြေးကြပေမဲ့ မပြေးနိုင်ဘဲ ရွာထဲ ကျန်နေခဲ့တဲ့ သူတွေလည်း ရှိတယ်ဗျ။ အဖမ်းခံထားရတာ အနည်းဆုံး ၁၀ ယောက်ပဲ၊ အဲဒီအထက်မှာရှိတယ်။ အဖမ်းခံရတဲ့အထဲမှာ ခြေထောက်မှာ ဗုံးစမှန်လို့ ဒဏ်ရာရတဲ့ အမျိုးသားပါ ပါသွားတယ်လို့ သိရတယ်။ ထွက်ပြေးကြတဲ့သူတွေကတော့ ၅၀၀ အထက်မှာ ရှိတယ်လို့တော့ သိရတယ်ဗျ။ ဖုန်းလိုင်းတွေ အဖြတ်ခံထားရတော့ ဆက်သွယ်ရေးလုပ်ရတာ ခက်ခဲနေတယ်” လို့ DVB ကို ပြောပါတယ်။

သဲတောကျေးရွာက အသက် ၄၀ အရွယ် ဦးကျော်လင်းဟာ ခြေထောက်တွေမှာ ဗုံးစထိမှန်တဲ့ ဒဏ်ရာရရှိကာ မြေပြင်စစ်ကြောင်းက ဖမ်းဆီးသွားသလို အသက် ၇၀ အရွယ် ဒေါ်သက်နွယ် ကတော့ လက်မောင်းမှာ ဒဏ်ရာရရှိပြီး အသက် ၁၄ နှစ်အရွယ် မနန်းဝေဖြိုး ကတော့ ပေါင်မှာ ဒဏ်ရာရရှိသွားကြပြီး ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရသေးဘူးလို့လည်း ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဒေါ်သက်နွယ်ကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဆေးကုသမှုတွေ ဆောင်ရွက်ပေးနေပြီး မနန်းဝေဖြိုး ကိုတော့ ဆေးရုံတခုဆီ လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။

ရေစကြိုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “သူတို့စစ်ကြောင်းက အင်အား ၁၅၀ လောက်ပါတယ်။ သဲတောရွာကို ဝိုင်းပြီး ဝင်စီးတာ။ အဲဒါပြီးတော့ ရွာနဲ့ ၁ မိုင်လောက်ကွာတဲ့ PDF စခန်းငယ်လေးတခုကိုလည်း အစီးခံလိုက်ရပြီး စခန်းကို မီးရှို့သွားကြတယ်။ အဲဒီစခန်းက ရဲဘော်တွေ အကုန်လွတ်ပါတယ်” လို့ ပြောပါတယ်။

PDF စခန်းကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့တာကြောင့် ခဲယမ်းတွေ  အပါအဝင် ရိက္ခာတွေ ဆုံးရှုံးခဲ့ရသလို စခန်းအဆောက်အဦတွေကိုလည်း မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းအထိ ရွာခံတွေကို ဖမ်းဆီးထားကာ သဲတောကျေးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲနေကြတာကြောင့် ထွက်ပြေးလာကြတဲ့ ဒေသခံပြည်သူတွေဟာ နီးစပ်ရာနေရာတွေမှာ နေထိုင်နေကြရတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာကိုလည်း စစ်တပ်က နိုဝင်ဘာ ၂၂ ရက် မနက် ၈ နာရီလောက်မှာ မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇီးဖြူကုန်းရွာဟာ အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ အကြိမ်ကြိမ် မီးရှို့တာကြောင့် အိမ်ခြေ ၁၀၀ နီးပါးခန့်သာ ကျန်ရှိတော့တာကို ထပ်မံမီးရှို့နေတာလို့ ဆိုပါတယ်။

ဒေသခံရွာသားတယောက်က “ကျနော်တို့ ရွာကနေထွက်ခဲ့တာ ၂ နှစ်နီးပါး ရှိနေပြီဗျ။ ၂၀၂၄ ခုနှစ် ၁ လပိုင်းကတည်းက ရွာထဲ တပ်စွဲနေတာ။ အခု ဘာအကြောင်းကြောင့် ရွာကိုမီးရှို့တာလဲတော့ မသိရဘူး။ ရွာထဲကနေ မီးခိုးတွေ အလုံးလိုက် ထွက်လာတာ အဝေးကနေ မြင်နေရတယ်” လို့ ပြောပါတယ်။

အဆိုပါ ဇီးဖြူကုန်းပျူရွာကို ပြည်သူ့ကာကွယ်ရေးတပ်က မကြာခဏဆိုသလို ချောင်း‌မြောင်း တိုက်တာတွေလည်း ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

ပြည်သူကာကွယ်ရေးခေါင်းဆောင် ကိုရှမ်းကြီးက “ဘာကြောင့် ရွာကိုမီးရှို့တာလဲဆိုတော့ စစ်ခေါ်တာနေမယ်ဗျ။ သူတို့ရွာကို မီးရှို့တော့ ပြည်သူ့ကာကွယ်ရေးတပ်က လာတိုက်မယ်ဆိုတဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌သဘောကြောင့် မီးရှို့တာ ဖြစ်လိမ့်မယ်။ ရွာထဲမှာတော့ သာမန်ပြည်သူတွေ မရှိတော့ဘူး။ သူတို့ တပ်စွဲနေတာ ကြာနေပြီဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဇီးဖြူကုန်းရွာကို ဝင်ရောက်ပြီး ရွာတာင်ပိုင်း ဘုန်းတော်ကြီးကျောင်း၊ ရွာမြောက်ပိုင်း ရေသန့်စက်ရုံ၊ ရွာအနောက်ပိုင်း သင်္ချိုင်းကုန်းအထွက် လမ်းမှာ အထိုင်ချ ကင်းပုန်းဝပ် တပ်စွဲနေထိုင်ပြီး ရွာကို မီးရှို့နေတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013