DVB Logo
Home
မြန်မာသတင်း
မော်ကျွန်းတွင်  KTV ဆိုင်ကို စစ်တပ်က စီးနင်းဖမ်းဆီး
DVB
·
November 22, 2024
မော်ကျွန်းတွင်  KTV ဆိုင်ကို စစ်တပ်က စီးနင်းဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိတိုက်နယ်၊ အခြေခံပညာ အထက်တန်းကျောင်းအနီး ဖွင့်လှစ်ထားတဲ့ ကျောင်းဆရာမတယောက်ရဲ့ ရွှေတောင်တန်း KTV ဆိုင်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီ KTV ကို ဆရာမ စမ်းသီတာမိုးနဲ့ မောင်ဖြစ်သူ ကျေးရွာအုပ်ချုပ်ရေးမှူး မင်းမင်းသိန်းတို့ ပူးပေါင်းဖွင့်လှစ်ထားပြီး KTV မှာ ကျောင်းသား၊ ကျောင်းသူတွေ ပျော်ပါးတာ၊ တရားမဝင် မူးယစ်ဆေးဝါးတွေ ရောင်းချနေတာကြောင့်ဆိုပြီး နိုဝင်ဘာ ၂၀ ရက် ညပိုင်းက ဝင်ရောက် စစ်ဆေး ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

KTV နဲ့ နီးစပ်တဲ့ ကျိုက်ပိဒေသခံတယောက်က “KTV ပိုင်ရှင်က ဆရာမလေ၊ သူက ကျော်ဇံဘက်မှာ တာဝန်ကျနေတာ။ မောင်ဖြစ်သူ ကျေးရွာအုပ်ချုပ်ရေးမှူး မင်းမင်းသိန်းနဲ့ ရှယ်ယာဖွင့်ထားတာလို့ သိရတယ်။ ကျိုက်ပိ အထက်တန်းကျောင်းအနားမှာ ဖွင့်ထားတာ။ စကစ တက်လာပြီးနောက်မှာ ဖွင့်တဲ့ KTV ပေါ့။ မကောင်းသတင်းတွေ ထွက်နေတာ ကြာပြီ။ ကျိုက်ပိရဲစခန်းက ရဲတွေကလည်း အဲ့ KTV မှာ ပျော်ပါးနေတာ။ အခုတော့ တပ်က မူးယစ်ဆေးဝါးရောင်းတဲ့သတင်း၊ အခြား မကောင်းတာတွေပါ လုပ်နေတဲ့ သတင်းအရ ဖမ်းတာတဲ့။ KTV ပိုင်ရှင် ဆရာမရဲ့ အမျိုးသား ပါသွားတယ်လို့ သိရတယ်။ အခုတော့ သူ့ဇာတ် သူသိမ်းမလားမသိ” လို့ ပြောပါတယ်။

အဲဒီ KTV ကို စစ်ကောင်စီတပ်က အင်အား ၂၀ လောက်နဲ့ လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး KTV ထဲမှာ မူးယစ်ဆေးဝါးနဲ့ မိန်းမပျိုလေးတွေ၊ ကျောင်းသားတွေပါ တွေ့ရှိရတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အခုဖမ်းတာက တိုင်းအဆင့်ညွှန်ကြားချက်နဲ့ ဖမ်းတာ။ တိုင်းအထိ ပေါက်တဲ့သူက တက်တိုင်တာပေါ့နော်။ KTV က အတိုင်ခံရတာ အကြိမ်ပေါင်းမနည်း ဖြစ်နေတာ။ အရေးယူ ဖမ်းဆီးတာ မရှိခဲ့ဘူးလေ။ အရင်ထွေအုပ်ပေါ့၊ နိုဝင်ဘာ ပထမအပတ်က လာဘ်စားမှုနဲ့ အပြောင်းခံရတဲ့ သီဟဇော် လက်ထက်မှာ သူက ခွင့်ပြုထားတာ။ သူ့တိုင်တော့ အကြောင်းမထူးခဲ့ဘူး။ အခုတော့ တပ်က ဝင်ဖမ်းတာ။ KTV ပိုင်ရှင် ဆရာမ မိသားစုက မကောင်းတာလုပ်တာနဲ့ နာမည်ကျော်ဇော်သူတွေလို့ သိရတယ်” လို့ ပြောပါတယ်။

အဲဒီ KTV အနီးမှာ ကျိုက်ပိတိုက်နယ် နယ်မြေရဲစခန်း တည်ရှိပြီး ကျိုက်ပိ နယ်မြေရဲစခန်းက ရဲတွေကလည်း နေ့ဘက် ဆိုင်ကယ်တွေ၊ တုတ်တုတ်တွေ၊ ထော်လာဂျီတွေ ဖမ်းဆီးငွေညှစ်ပြီး KTV မှာ ညစဉ် ပျော်ပါးကာ KTV ပိုင်ရှင်ကလည်း ရဲတွေအတွက် အခမဲ့ပေးထားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013