
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ၈ ရပ်ကွက် စက်မှုဇုန် ၆ လမ်းရှိ VIBE KTV မှာ အောက်တိုဘာ ၂၅ ရက် မနက် ၁ နာရီက မြို့နယ်တရားသူကြီး ၂ ယောက်နဲ့ စစ်အာဏာရှင်တပ်က ဗိုလ်မှူးတယောက် အပါအဝင် ၃၃ ယောက်ကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မနေ့မနက် ၁ နာရီက စစ်တပ်နဲ့ မူးယစ်ရဲအဖွဲ့က VIBE KTV အခန်း ၅ ခန်းကို ဝင်ရောက်စစ်ဆေးရာက ဖမ်းမိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“VIBE KTV မှာ Happy Water သုံးရင်း ဆေးလွန်ပြီး ဆေးရုံရောက်သွားတဲ့ကိစ္စကနေ ပြဿနာစတာပါ။ ဆေးရုံရောက်သွားတဲ့ ကလေးက ထိပ်ပိုင်းလူကြီးတယောက်ရဲ့ သားပါ။ အဲဒီနောက် ဝင်စစ်ပြီး အကုန်ဖမ်းတာပါ။”
အောက်တိုဘာ ၂၀ ရက်က VIBE KTV မှာ Happy Water သုံးစွဲရင်း အသက် ၂၀ အရွယ် လူငယ်တယောက် ဆေးလွန်ကာ မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးကုသမှုခံရပြီး စစ်တပ်နဲ့ ရဲတွေက ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။
KTV အခန်း ၅ ခန်းအတွင်း ဖမ်းဆီးရမိသူ ၃၃ ယောက်ရှိပြီး ဖမ်းဆီးခံရသူတွေထဲမှာ တရားသူကြီးတယောက်၊ တွဲဖက်တရားသူကြီးတယောက်၊ နေပြည်တော် စစ်ဆေးရုံက ဗိုလ်မှူးတယောက်နဲ့ မူးယစ်ဆေးဝါး ရောင်းချသူတွေလည်း ပါဝင်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“KTV အခန်း ၅ ခန်းမှာ မိတာ။ အယောက် ၃၀ ပါ။ အဲ့ထဲမှာတရားသူကြီးတွေ ပါတယ်။ နေပြည်တော်စစ်ဆေးရုံက ဗိုလ်မှူးတယောက် ပါတယ်။ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချတဲ့သူတွေလည်း ပါတယ်။ Happy Water နဲ့ WY တွေ အများကြီးမိတယ်။ ဆိုင်တာဝန်ခံနဲ့ မန်နေဂျာ ၂ ယောက်ကိုပါ ဖမ်းလိုက်တဲ့အတွက် ၃၃ ယောက် ဖြစ်သွားတာ။”
လတ်တလောမှာ ဖမ်းဆီးရမိသူ ၃၃ ယောက်ကို တောင်ဥက္ကလာပ မြို့မရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။











