DVB Logo
Home
မြန်မာသတင်း
မတ္တရာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
DVB
·
November 22, 2024
မတ္တရာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ စစ်​ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ယောက်သေဆုံးကာ လက်နက်ခဲယမ်း တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ကနေ သိရပါတယ်။

မတ္တရာမြို့နယ် ပကဖပြန်ကြားရေးတာဝန်ခံတယောက်က “မတ္တရာနယ်ထဲမှာ သဖန်းဒေါင့်ရွာကနေ ဆောက်ခြုံပေါက်ရွာကို စစ်ကြောင်းထိုးလာတဲ့ ခမရ ၇၀၁ က ဗိုလ်မှူးကျော်ဇေယျ ဦးစီးပြီး ခမရ ၇၀၁၊ ၇၀၃၊ ၇၀၄ တို့က ပူးပေါင်းစစ်သား ၇၀ လောက် ပါလာတဲ့ စစ်ကြောင်းကို အဲဒီ ဆောက်ခြုံပေါက်ရွာနားမှာပဲ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ” လို့ ပြောပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ မန္တ‌လေးတိုင်း၊ အောင်မြေသာစံမြို့နယ်က အမှတ် ၉၁၀ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း လက်အောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြစ်ကြပြီး နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့သလို MA15 (ငါးကြင်းမြီး) အပါအဝင် MA10 (RPG) အပါအဝင် လက်နက် ၉ လက်၊ RPG ဒုံးသီး ၈ လုံး၊ ၆၀ မမ ဗုံးသီး ၅ လုံး၊ အီနာဂါ ဗုံးသီး ၅ လုံး၊ 5.56 ကျည် ၃၅၁ တောင့်၊ G3 ကျည် ၂၄၈ တောင့်၊ MA ကျည်အိမ် ၇ ခု၊ ကျည်အိမ်အဝိုင်း ၁ ခု၊ MA15 ကျည်ခါးပတ် ၁ ခု၊ Equipment ၁ ခု၊ ယူနီဖောင်း ၂ စုံတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသက နိုဝင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မတ္တရာမြို့နယ် ပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “MOD အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားသလိုပဲ လက်နက်ခဲယမ်းတွေနဲ့ တိုက်ပွဲအတွင်းမှာ သူတို့ဘက်က သေတဲ့အလောင်း ၁၂ လောင်းကိုတော့ လောလောဆယ် ရထားပါတယ်။ သူတို့စစ်ကြောင်းမှာ ကျန်တဲ့သူတွေက ဆောက်ခြုံပေါက်ရွာနားက ရွှေချောင်းပျူရွာနဲ့ သဖန်းဒေါင့်၊ သနပ်ကုန်း၊ ငယ်တိုးရွာတွေမှာ တပ်စွဲနေလို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်တဲ့ လုပ်ငန်းစဥ်တွေ ပြီးအောင်မလုပ်နိုင်သေးဘူး။ အဲဒါကြောင့် သူတို့ဘက်က ထပ်သေတဲ့ အရေအတွက်ကို အတိအကျ မပြောနိုင်သေးတာပါ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီဘက်က မတ္တရာမြို့နယ်ထဲကို မြေပြင် တန်ပြန်ထိုးစစ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပေမဲ့လည်း မတ္တရာမြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ စစ်ကောင်စီစခန်းပေါင်း ၄၀ ကျော်ကို ဆက်လက်ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုအပြီး နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်ဘက်က Mi 35 အပါအဝင် ဂျက်ဖိုက်တာတွေနဲ့ ​၆ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မတ္ထရာမြို့နယ်ရဲ့ အနောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ နိုဝင်ဘာ ၉ ရက်ကစတင်ပြီး တော်လှန်ရေးတပ်ပေါင်းစုတွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မတ္တရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “နှစ်ဖက်တိုက်ပွဲတွေ ပြန်ငြိမ်နေတာတော့ ၂ ရက် ၃ ရက်ရှိပြီ။ ဒါပေမဲ့လည်း ပျူစောထီးရွာတွေမှာ တပ်စွဲနေတဲ့ စစ်သားတွေက ပတ်ဝန်းကျင်ကရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာတွေတော့ သူတို့ဘက်က ဆက်လုပ်နေတယ်” လို့ ပြောပါတယ်။

ငယ်တိုးကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေါင်းကျွန်းကျေးရွာအတွင်း ကျရောက်ပြီး ဒေသခံပြည်သူတယောက် မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့​တယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ နီးပါး ပါဝင်တဲ့ စစ်ကြောင်းကို ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးမှူးရဲ့ ကွပ်ကဲမှုနဲ့ မတ္တရာမြို့နယ် ပကဖ အပါအဝင် အမှတ် ၅၁၀ တပ်ရင်း၊ မန္တလေးခရိုင် ပကဖ၊ မဟာအောင်မြေမြို့နယ် ပကဖနဲ့ ချမ်းမြသာစည်မြို့နယ် ပကဖတို့ ပူးပေါင်းကာ ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013