DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဒုံရဲစခန်းအဝင်ဂိတ် ဖောက်ခွဲတိုက်ခိုက်ခံရ
DVB
·
November 21, 2024
မင်္ဂလာဒုံရဲစခန်းအဝင်ဂိတ် ဖောက်ခွဲတိုက်ခိုက်ခံရ
Donate to DVB

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲနဲ့ ပြည်လမ်းမထောင့်က မင်္ဂလာဒုံမြို့မရဲတပ်ဖွဲ့စခန်းမှာ နိုဝင်ဘာ ၂၀ ရက် ‌ည ၆ နာရီ ၅၅ မိနစ်လောက်က ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံတယောက်က “ပွိုင့်မိနေတဲ့အချိန် ရဲစခန်းဘက်မှာ ပေါက်ကွဲသံကြားရတာ။ ကြားကြားချင်း သေနတ်သံတွေ ၃၊ ၄ ချက်လောက်ရှိမယ်၊ ဘယ်ဘက်ကို မှန်သွားလဲတော့ မသိဘူး” လို့ ပြောပါတယ်။

အဆိုပါပေါက်ကွဲမှုဟာ ရန်ကုန်တော်လှန်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ Dark Shadow က အဝေးထိန်းမိုင်းတလုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရဲတွေဘက်က ပြန်လည်ပစ်ခတ်မှုကြောင့် Dark Shadow အဖွဲ့ဝင်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပြီး Dark Shadow အဖွဲ့ မြေပြင်သတင်းတွေအရ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိတယ်လို့ အသိပေးထားပါတယ်။

Dark Shadow သတင်းပြန်ကြား‌ရေး တာဝန်ရှိသူက “အထဲက ပြန်လည်ပစ်ခတ်မှု ရှိပါတယ်။ ရဲစခန်းအပေါက်ဝဂိတ်ကို တိုက်ခိုက်ခဲ့တာဖြစ်လို့ သူတို့ ထိခိုက်မှုကတော့ ရှိလိမ့်မယ်။ ပြည်သူတွေကို အသိပေးချင်တာတော့ တော်လှန်ရေးအရှိန် မြင့်လာပါပြီ။ အသွားအလာ ဂရုစိုက်ပါ။ စစ်သား၊ ရဲတွေနဲ့ ဝေးရာက ရှောင်ရှားသွားလာကြပါလို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပစ်မှတ်တွေကို ရရာနေရာကနေ ဆက်လက်တိုက်ခိုက်မှာ ဖြစ်တာကြောင့် သူတို့နဲ့ပတ်သက်တဲ့ နေ‌ရာတွေ၊ ရဲ၊ စစ်သား၊ ပျူစောထီး‌၊ အရပ်ဝတ်တွေ စုဝေးတဲ့ နေရာတွေကို ပြည်သူတွေ ဝေးဝေးရှောင်ဖို့ကိုလည်း Dark Shadow အဖွဲ့က တိုက်တွန်းမေတ္တာရပ်ခံထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်လောက်ကလည်း ရန်ကင်းမြို့နယ်၊ ဘောက်ထော်ဘူတာနဲ့ တာမွေဘူတာကြား မြရတနာလမ်းက စစ်ကောင်စီထောက်ခံသူ ရုပ်ရှင်သရုပ်ဆောင် ရန်အောင်ရဲ့ နေအိမ်မှာ Dark Shadow က အားပျော့မိုင်းတလုံးသုံးပြီး သတိပေးမှုအနေနဲ့သာ စီစဉ်တိုက်ခိုက်ခဲ့ပါတယ်။

အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမ‌ဘေးရှိ ရွာမအရှေ့ရပ်ကွက်ရုံးကိုလည်း နိုဝင်ဘာ ၁၁ ရက် နေ့လယ် ၂ နာရီခွဲလောက်မှာ Dark Shadow တပ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

နိုဝင်ဘာ ၁၃ ရက် ညပိုင်း ၇ နာရီ ၁၄ မိနစ်လောက်ကလည်း ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းအတွင်းကို Operation Flame (OF) နဲ့ မဟာမိတ် Yangon UG People Army - YUPA တို့က လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်သွင်းတိုက်ခိုက်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၂ ရက် ညနေ ၆ နာရီ ၅၅ မိနစ်လောက်ကလည်း မင်္ဂလာဒုံမြို့နယ်၊ ပုလဲလမ်းဆုံအနီး၊ ပုလဲမြို့သစ်လမ်းပေါ်ရှိ ရွှေနံ့သာရပ်ကွက် စစ်ကောင်စီရပ်ကွက်ရုံးကို Operation Flame (OF) အဖွဲ့က အဝေးထိန်းမိုင်းတလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။

နိုဝင်ဘာ ၈ ရက် ညပိုင်း ၇ နာရီမှာတော့ မြောက်ဥက္ကလာပမြို့နယ်၊ အဝိုင်းကြီး (EPC) လျှပ်စစ်ရုံး၊ ကင်းတဲအနီးမှာ လက်ပစ်ဗုံး ၂ လုံး ပေါက်ကွဲခဲ့ပြီး ဒီတိုက်ခိုက်မှုကို မြောက်ဥက္ကလာပမြို့နယ် (ပကဖ) နဲ့ Yangon UG People Army တို့က ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013