DVB Logo
Home
မြန်မာသတင်း
ရေနံချောင်းတိုက်ပွဲ၌ PDF ၃ ဦး ကျဆုံး၊ စစ်ကိုင်းတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်
DVB
·
November 21, 2024
ရေနံချောင်းတိုက်ပွဲ၌ PDF ၃ ဦး ကျဆုံး၊ စစ်ကိုင်းတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်
1 / 2
Donate to DVB

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YNG PDF) က ရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

YNG PDF ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ရေနံချောင်းမြို့နယ်ထဲက နေရာတခုမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ ကျနော်တို့ရဲဘော် ၃ ဦး ကျဆုံးခဲ့ပါတယ်။ ဟိုဘက်ကလည်း အသေအပျောက်တွေ ရှိခဲ့ပါတယ်။ နယ်မြေရှင်းလင်းရေးနဲ့ တခြားကိစ္စတွေ ဆောင်ရွက်နေလို့ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာကို ထုတ်ဖောာ်မပြောပေးသေးတာပါ” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲဟာ နိုဝင်ဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ ၃ ရက်ကြာ ဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။

YNG PDF တာဝန်ခံတယောက်က “တိုက်ပွဲရဲ့ အသေးစိတ်ကိုတော့ လုပ်ငန်းကိစ္စတွေပြီးရင် ထုတ်ပြန်ပေးမှာပါ။ ကျနော်တို့ဘက်က ရဲဘော် ၃ ဦး ကျဆုံးခဲ့တာ ဟုတ်ပါတယ်။ ဒါပေမဲ့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာ ဖော်ပြနေသလို လက်နက်ခဲယမ်းတွေ အသိမ်းခံရတယ် ဆိုတာတော့ မဟုတ်ပါဘူး” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလတွေအတွင်း ရေနံချောင်းမြို့နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို YNG PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့လည်း YNG PDF ဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာလည်း မြင်းဆည်ကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၀ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ဂျက်ဖိုက်တာနဲ့ လာပစ်သွားတာဗျ။ ရော့ကတ်တွေနဲ့လည်း ပစ်သွားသလို ပေါင် ၁၀၀ ဗုံးတွေလည်း ကြဲသွားတယ်။ တိရစ္ဆာန်တွေထိတယ်။ အဲဒီရွာက ရွာခံတွေ ထိခိုက်မှုမရှိဘူး လို့တော့ ကနဦး သတင်းရထားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြင်းဆည်ကျေးရွာကို မြေပြင်တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့ လာရောက်ပစ်ခတ်သွားတာဖြစ်ပါတယ်။

ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိတဲ့ မြင်းဆည်ကျေးရွာကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆိုပါကျေးရွာက လူနေအိမ်တွေ အပါအဝင် တခြားအဆောက်အဦတွေ ပျက်စီးကုန်တယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတယောက်က “ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်တွေ ပျက်စီးကုန်တယ်။ နွားတွေလည်း ထိတယ်လို့ သိရတယ်။ အရင်တလောက စစ်ကိုင်းမြို့နယ်ထဲက ရွာတွေကို စစ်သားတွေနဲ့ ပျူစောထီးတွေက ဒရုန်းတွေနဲ့ ဗုံးကြဲတာတွေ လုပ်ခဲ့တယ်။ အခု တဆင့်တိုးပြီး လေယာဥ်တွေနဲ့ပါ တိုက်ခိုက်နေတာ ဆက်တိုက်ပါပဲ။ အခုဖြစ်စဥ်အနေနဲ့ ထိခိုက်ပျက်စီးတဲ့ မြေပြင်အခြေအနေကို စုံစမ်းနေဆဲမို့ အတိအကျ ပြောလို့မရသေးပါဘူး” လို့ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို မကြာခဏခံနေရတဲ့ မြင်းဆည်ကျေးရွာက ဒေသခံပြည်သူတွေဟာလည်း ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

နိုဝင်ဘာ ၁၇ ရက်ကလည်း စစ်ကိုင်းမြို့နယ်၊ လက်ပါယ်တောကျေးရွာကို စစ်တ​ပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ်တယောက် အပါအဝင် ဒေသခံပြည်သူ ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို လူနေအိမ် ၂ လုံးလည်း ပျက်စီးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013