DVB Logo
Home
မြန်မာသတင်း
ကံပိုင်တည်မြို့နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်
DVB
·
November 21, 2024
ကံပိုင်တည်မြို့နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်
Donate to DVB

တရုတ် - မြန်မာ နယ်စပ် ကံပိုင်တည်မြို့နဲ့ ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းကို နိုဝင်ဘာ ၂၀ ရက် ညနေ ၅ နာရီဝန်းကျင်လောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

KIA ရှေ့တန်းနဲ့ နီးစပ်သူတယောက်က “ညနေ ၅ နာရီမှာ ကံပိုင်တည်ကို ကျနော်တို့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ရသွားပြီ။ ရှင်းလင်းရေး လုပ်နေဆဲပဲ။ စစ်ကောင်စီတွေ ထွက်ပြေးသွားတာလည်းရှိတယ်၊ ဖမ်းဆီးထားတာလည်း ရှိတယ်” လို့ ပြောပါတယ်။

ကန်ပိုင်တည်မြို့နဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၉ ရက် မနက် ၉ နာရီခွဲ၊ ၁၀ နာရီဝန်းကျင်ခန့်ကစ စစ်မျက်နှာ ၃ ခုဖွင့်ပြီး ပိတ်ဆို့ တိုက်ခိုက်ခဲ့ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တပ်စခန်းတွေမှာတောင် မနေကြဝောာ့ဘဲ မြို့ထဲက တိုက်တွေ၊ ဟိုတယ်တွေကနေ ပြန်ခုခံ ပစ်နေကြတာလို့ ဆိုပါတယ်။

ဒေသခံ အမျိုးသားတယောက်က “စစ်ကောင်စီတပ်ဖွဲ့တွေတချို့ တိုက်ပွဲဖြစ်နေတဲ့အချိန် တရုတ်ဘက် အယောက် ၃၀ လောက် ထွက်ပြေး ဝင်သွားတယ်။ ဒဏ်ရာရတဲ့သူတွေရော တော်တော်များတယ်လို့ သိရတယ်။ အတိအကျတော့ မသိရဘူး။ ရဲစခန်းကုန်းတော့ လက်နက်ပစ်ခတ်လို့ မီးလောင်သွားပြီ” လို့ ပြောပါတယ်။

တချို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ယူနီဖောင်းချွတ်ပြီး ပြည်သူတွေ တိမ်းရှောင်နေတဲ့ နေရာဘက် ထွက်ပြေးလာသူတွေလည်း ရှိတယ်လို့ သူကပြောပါတယ်။

တရုတ်နယ်စပ်ဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က ဖိနစ်တောင်မစီးဘဲ ခြေထောက်တွေ သွေးသံတရဲရဲနဲ့ ထွက်ပြေးတဲ့သူတွေလည်းပါပြီး မြန်မာ - တရုတ် နယ်စပ် ဟိုချောင်ဘက်သွားတဲ့ လိုဏ်ဂူထဲမှာ အောင်းနေကြတယ်လို့ ဆိုပါတယ်။

ကံပိုင်တည်မြို့ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့‌တွေ ဝင်ရောက်သိမ်းယူနေချိန် စစ်ကောင်စီဘက်က တိုက်လေယာဉ် ၂ စီး ရောက်လာပြီး ပျံဝဲနေပေမဲ့ မိုးအုံ့နေပြီး ခဏအတွင်း လေပြင်း မိုးကြီးလာတာကြောင့် ဗုံးကြဲခဲ့တာမျိုးတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကံပိုင်တည် ဒေသခံတွေကတော့ မြို့ထဲမှာမနေတာ ၂ လလောက် ရှိပြီဖြစ်ပြီး မြို့ထဲမှာတော့ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်ဖွဲ့တွေသာ ရှိနေတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာလည်း ကံပိုင်တည် နယ်စပ်ဂိတ်နဲ့ မြို့ကို နိုဝင်ဘာ ၂၀ ရက် ညနေ ၅ နာရီမှာ KIA ဘက်က သိမ်းလိုက်ပြီဖြစ်ကြောင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ တရုတ်ဘက် ဆုတ်ခွာကြတာဖြစ်ကြောင်း၊ လက်နက်အများအပြား ထားရစ်ခဲ့ကြောင်း ရေးသားဖော်ပြထားပါတယ်။

ကံပိုင်တည်မြို့ဟာ နယ်စပ်ကုန်သွယ်ရေးစခန်းမြို့ ဖြစ်သလို ကချင်အထူးဒေသ ၁ ရဲ့ နောက်ဆုံးကျန်နေတဲ့ မြို့ဖြစ်ပြီး ကံပိုင်တည်မြို့အနီး စင်ကြိုင်အခြေစိုက် ကချင်အထူးဒေသ ၁ ရဲ့ အမှတ် ၂၀၀၃ နယ်ခြားစောင့်တပ်ဌာနချုပ် တပ်စခန်းကိုတော့ အောက်တိုဘာ ၂၁ ရက်က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တာဖြစ်ကာ ကချင် - တရုတ် နယ်စပ်ရှိ နယ်စပ်ဂိတ်အားလုံး နီးပါးကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက် ထိန်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013