DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေး တံခါးပိတ်ဆွေးနွေး 
DVB
·
November 21, 2024
ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေး တံခါးပိတ်ဆွေးနွေး 
Donate to DVB

မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ တံခါးပိတ်အစည်းအဝေးပွဲတရပ်ကို  အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒေသအချိန် နိုဝင်ဘာ ၂၀ ရက်က ကျင်းပပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီလက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ ဗြိတိန်နိုင်ငံက ဦးဆောင်ကျင်းပတာဖြစ်ပြီး ဆွေးနွေးတဲ့ အကြောင်းအရာတွေကို ထုတ်ဖော်ပြောဆိုတာမရှိသလို ဆုံးဖြတ်ချက်ရလဒ်တွေလည်း ထွက်ပေါ်လာတာ မရှိပါဘူး။

ဒီအစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်နဲ့  အာဆီယံ ဥက္ကဋ္ဌ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် အာလွန်ကဲအို ကစ်တီကွန်တို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဘာဘရာ ဝုဒ်ဝပ်ဒ်ကတော့ မြန်မာနိုင်ငံက အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးရေးနဲ့ပတ်သက်လို့  ဦးတည်ဆွေးနွေးမှာဖြစ်တဲ့ အကြောင်း အစည်းအဝေးမတိုင်ခင် သတင်းထောက်တွေကို ပြောပါတယ်။ 

“ဩဂုတ်နဲ့ အောက်တိုဘာလအတွင်း စစ်တပ်က မြန်မာပြည်သူတွေကို လေကြောင်း တိုက်ခိုက်မှုတွေလုပ်ခဲ့တာဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းကဆိုရင် ပမာဏအများဆုံးဖြစ်တယ်၊ ပေါက်ကွဲစေတတ်တဲ့ မြေမြှုပ်မိုင်းတွေနဲ့ လက်နက်ကြီးတွေလည်း ပိုမိုအသုံးပြုလာတယ်၊ ဒါကို ကျမတို့ လုံးဝရှုတ်ချပါတယ်” လို့ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေ  ၃ ပုံ ၁ ပုံကျော်ဟာ အသက်ရှင်သန်ဖို့အတွက် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဗြိတိန်သံအမတ်ကြီးက ပြောပါတယ်။ 

“ရခိုင်ပြည်နယ်မှာ အငတ်ဘေးဆိုက်လုနီးပါး ဖြစ်နေပြီလို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က သတိပေးထားတယ်။ စစ်တပ်က အကူအညီတွေ ပေးခွင့်မပြုဘဲ တားမြစ်ထားတယ်။ ကာကွယ်ဆေးအပါအဝင် ဆေးဝါးအထောက်အပံ့တွေနဲ့ ပြည်သူတွေရဲ့ အခြေခံဝန်ဆောင်မှုတွေလည်း မပေးဘူး။ ဒါကြောင့် ကာလဝမ်းရောဂါဖြစ်ပွားမှုနဲ့ တခြား ကြိုတင်ကာကွယ်လို့ရနိုင်တဲ့ ရောဂါတွေနဲ့ လူတွေ သေဆုံးနေရတယ်။” 

ဒါတွေအားလုံးအတွက် စစ်တပ်က တာဝန်ခံရမှာဖြစ်ပြီး လုံခြုံရေးကောင်စီအနေနဲ့ အရေးယူ ဆောင်ရွက်မှုတွေလုပ်ဖို့ အတော်လေး အချိန်နှောင်းနေပြီလို့လည်း ဗြိတိန်သံအမတ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ သက်ဆိုင်တဲ့အဖွဲ့တွေအားလုံးအနေနဲ့ အရပ်သားတွေအပေါ်  အကြမ်းဖက်မှုရပ်ဖို့၊ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေကို လိုက်နာဖို့နဲ့ စစ်တပ်ကို လက်နက်နဲ့ လေယာဉ်ဆီ ထောက်ပံ့မှုရပ်တန့်ဖို့တွေပါဝင်တဲ့ ဆုံးဖြတ်ချက်မှုကြမ်းကို ယူကေက ပြီးခဲ့စက်တင်ဘာတုန်းက တင်ပြခဲ့ပါတယ်။

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝလိုက်နာအကောင်အထည်ဖော်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ တိုးမြှင့်ပေးဖို့လည်း ဒီဆုံးဖြတ်ချက်မူကြမ်းမှာ တောင်းဆိုထားပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအများစုက ဒါကိုလုပ်ဆောင်ချင်သလို အာဆီယံကလည်း ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုခိုင်မာအားကောင်းအောင်လုပ်ဖို့ တောင်းဆိုထားပေမဲ့ အဖွဲ့ဝင် နိုင်ငံ အနည်းငယ်က အတားအဆီး လုပ်နေတယ်လို့လည်းပြောပါတယ်။  

ဒါပေမဲ့ ဒုက္ခခံစားနေရတဲ့ မြန်မာပြည်သူတွေဟာ လုံခြုံရေးကောင်စီရဲ့ အရေးယူဆောင်ရွက်မှုတွေ ခုချက်ချင်းလိုအပ်နေတာကြောင့် တားဆီးနေတဲ့ နိုင်ငံတွေ ပူးပေါင်းပါဝင်လာအောင် ဆက်လက်ပြီး တွန်းအားပေးလုပ်ဆောင်သွားမယ်လို့ ဗြိတိန်သံအမတ်ကြီးက ပြောပါတယ်။

တားဆီးဟန့်တားနေတာ ဘယ်နိုင်ငံတွေလဲဆိုတာ အတိအကျ ပြောမသွားပေမဲ့ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆုံးဖြတ်ချက် တစုံတရာချမှတ်မယ်လုပ်တိုင်း  တရုတ်နဲ့ ရုရှားနိုင်ငံတွေက အဓိက အတားအဆီး အဟန့်အတားဖြစ်နေတာပါ။

ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း စစ်ကောင်စီ ကျူးလွန်တဲ့ အလွန်ယုတ်မာ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ ရာဇဝတ်မှုတွေဟာ နိုင်ငံတကာအသိုက်အဝန်းတချို့ရဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက် အထောက်အပံ့ပါတယ်လို့ ဆွေးနွေးပွဲမတိုင်ခင် သတင်းထောက်တွေကို ပြောပါတယ်။

စစ်အာဏာရှင်ဟာ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်တာ မရပ်တန့်သလို အရပ်သားပြည်သူတွေအပေါ် လေကြောင်းက ဗုံးကြဲမှုတွေ၊ ရွာတွေကိုမီးရှို့၊  အရပ်သားတွေကို အစုလိုက်သတ်ဖြတ်၊ တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အဓမ္မ စစ်သားစုဆောင်းမှုတွေ ကျူးလွန်နေတယ်လို့ လည်း ပြောပါတယ်။

ဒီလို စစ်အာဏာရှင်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေနဲ့ စနစ်တကျ ကျူးလွန်တဲ့ ရာဇတ်မှုတွေဟာ တရားဥပဒေစိုးမိုးမှုမရှိတာကြောင့် မီးလောင်ရာလေပင့် ဖြစ်နေပြီး မြန်မာပြည်သူတွေဟာ ဒုက္ခအခက်အခဲတွေ မကြုံဖူးလောက်အောင် ကြီးကြီးမားမား ခံစားနေရတယ်၊ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လူသားချင်းစာနာမှုအရ မြန်မာပြည်သူတွေအတွက် မျှော်လင့်ချက်တချို့  ဆောင်ကြဉ်းပေးဖို့  သံအမတ်ကြီးက တိုက်တွန်းလိုက်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013