DVB Logo
Home
မြန်မာသတင်း
အမေရိကန်လွှတ်တော်ရွေးကောက်ပွဲရလဒ် မြန်မာ့အရေးအပေါ်  ဘယ်လိုသက်ရောက်နိုင်လဲ
DVB
·
November 5, 2026
Photo: သုတချမ်းသာ
Photo: သုတချမ်းသာ
Donate to DVB

နိုဝင်ဘာ ၃ ရက်က ကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၆ အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီက နေရာအများစု အနိုင်ရခဲ့ပြီး လွှတ်တော်နှစ်ရပ်စလုံးကို လွှမ်းမိုးနိုင်တဲ့ပါတီ ဖြစ်လာပါတယ်။

ဒီရွေးကောက်ပွဲမှာ အနိုင်ရတဲ့အမတ်တွေဟာ ၂၀၂၇ ဇန်နဝါရီလမှာ စတင် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

အချိန် ၂ လနီးပါး လိုနေသေးပေမဲ့ ဒီမိုကရက်ပါတီရဲ့ မူဝါဒတွေနဲ့ အမတ်တွေရဲ့ မဲဆွယ်စည်းရုံးခဲ့တဲ့ ကတိကဝတ်တွေအရ ပြည်တွင်းက အခြေခံပြည်သူတွေနဲ့ ဒီမိုကရေစီအရေး ရုန်းကန်နေရတဲ့ မြန်မာပြည်လို နိုင်ငံငယ်တွေအတွက် အလားအလာကောင်းတွေ ပြန်ပြီး မျှော်မှန်းနိုင်မှာဖြစ်တယ်လို့ မြန်မာ့အရေး လေ့လာသူတချို့က မှတ်ချက်ပေးပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး မဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “ဒီမိုကရက်တွေ ထိန်းချုပ်ထားနိုင်တဲ့ လွှတ်တော်က နှစ်စဉ် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေတွေ NDAA တွေကို အသုံးပြုပြီးတော့ BURMA ACT ဥပဒေဘောင်ကို ခိုင်မာအောင် ပိုပြီးတော့ လုပ်ဆောင်တာမျိုး၊ ဗမာ့ဒီမိုကရေစီအင်အားစုတွေ ဘတ်ဂျက်ငွေ တိုက်ရိုက်ရောက်ရှိဖို့ ဥပဒေတွေနဲ့ မဖြစ်မနေ ဖိအားပေး ဆောင်ရွက်တာမျိုးတွေ လုပ်လာနိုင်တဲ့ အနေအထားတွေ ရှိတယ်။ ပိုပြီးတော့ အရေးကြီးတဲ့ကိစ္စကတော့ ဆန်ရှင်ပေါ့လေ။ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းတွေကို ပိုပြီးတော့မှ ပြင်းပြင်းထန်ထန် ပိတ်ဆို့ဖို့အတွက် ဒီမိုကရက်တွေက တွန်းအားပေးတာမျိုးတွေ ဖြစ်လာနိုင်တယ်။ အစိုးရအဖွဲ့က အကောင်အထည်ဖော်ဖို့ ပျက်ကွက်တယ်ဆိုရင် လွှတ်တော်က လူထုကြားနာပွဲတွေ ပြုလုပ်ပြီးတော့မှ​ သမ္မတအစိုးရအဖွဲ့ကို နိုင်ငံရေးအရ အကျပ်ရိုက်အောင်လို့ ဖိအားပေးတာမျိုး၊ ဒါမျိုးတွေ ဖြစ်လာနိုင်တဲ့အတွက်ကြောင့်မို့လို့ ထရမ့်ပ်အစိုးရအနေနဲ့ စစ်ကောင်စီအပေါ်မှာ ပျော့ပြောင်းတဲ့ သဘောထားတွေ ထားဖို့ဆိုတာ ခက်ခဲသွားနိုင်တယ်ပေါ့နော်” လို့ ပြောပါတယ်။

ဒီမိုကရက်အများစု လွှတ်တော်မှာ အနိုင်ရခဲ့ပေမဲ့ မြန်မာ့အရေးအတွက် ထူးခြားတဲ့ပြောင်းလဲမှု သေချာပေါက် ဖြစ်လာ၊ မလာကို ကံသေကံမ မပြောနိုင်သေးဘူးလို့ လေ့လာသူတယောက်က မှတ်ချက်ပေးပါတယ်။

အမေရိကန်ပြည်တွင်းနိုင်ငံရေး အကျပ်အတည်းတွေကြားထဲမှာ သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်တုန်း က မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကိုင်တွယ်ပုံ မပြတ်သားခဲ့တဲ့ သာဓက ရှိနေခဲ့တာကို ပြန်ကြည့် နိုင်တယ်လို့ ဆိုပါတယ်။

ထူးခြားတဲ့ပြောင်းလဲမှု ချက်ချင်းပြန်ဖြစ်မလာသေးရင်တောင် သမ္မတထရမ့်ပ် လက်ထက်မှာ နှောင့်နှေးခဲ့တာတွေနဲ့ အပျက်အစီးတွေ အတိုင်းအတာတခုအထိ ရပ်ဆိုင်းသွားဖို့တော့ ရှိနေတာ ဖြစ်ပါတယ်။

လော့စ်အိန်ဂျယ်လိစ် မြန်မာလှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေက “ကျနော်တို့ မြန်မာပြည်အတွက်က စည်းရုံးရေးလုပ်ငန်းတွေ လုပ်ရင် ပါတီလိုင်းနဲ့ လိုက်ပြီးတော့ သိပ်မလုပ်စေချင်ဘူး မြန်မာတွေကို။ ဘာဖြစ်လို့လဲဆိုရင် ဒီမှာက အစိုးရအပြောင်းအလဲက ၄ နှစ်တခါ ဖြစ်နေတာလေ။ အခုတောင် ၄ နှစ်မကြာဘူး ၂ နှစ်အတွင်းမှာ လွှတ်တော်က အနီကနေ အပြာပြောင်းသွားတယ်ဆိုတော့ Bipartisan လုပ်တာကောင်းတယ်။ BURMA ACT တို့ တင်ထားတဲ့ BRAVE BURMA ACT တို့ အကောင်အထည်ဖော်ဖို့ လှုံ့ဆော်စာတို့က Bipartisan ဗျ။ ဒီမိုကရက်ရော ရီပတ်ဘလစ်ကန်ရော ပူးတွဲပြီးတော့ လုပ်ပေးကြတာ များတယ်။ ပြီးတော့မှ ကွန်ဂရက်ရှင်းနဲလ်ဘားမားကောကပ်စ်က မြန်မာပြည်အရေးကို စိတ်ဝင်စားတယ်၊ တကယ်လည်း လုပ်ပေးချင်ကြတဲ့သူတွေက စုပေါင်းပြီး ဖွဲ့ထားတဲ့ အဖွဲ့တွေပေ့ါ။ အဲဒီ Caucus တွေက နှစ်ဖက်စလုံးပါတယ်။ ဒီမိုကရက်ရော ရီပတ်ဘလစ်ကန်ရော ပြီးတော့မှ ကျနော်တို့ အခုလုပ်နေတာကလည်း Bipartisan အကူအညီတွေ ရနေတယ်ဆိုတော့ အဲဒါကို ကျနော် ရှင်းရှင်းလင်းလင်း ပြချင်တယ်နော်။ နှစ်ပါတီစလုံးက ထောက် ခံတယ်ဆိုရင် ဘယ်ပါတီတက်တက် ကျနော်တို့ဥစ္စာက လုံးဝ သုညဖြစ်မသွားဘူး။ အကုန်လုံး ညှိနှိုင်း ပြီးတော့ တော်လှန်ရေးကို ရှေ့တန်းတင်၊ ကိုယ့်လူမျိုးစု ကွက်ကွက်လေး တောင်း တာ အဲဒါမျိုးတွေ ကို လျှော့ပြီးတော့ ကျနော်တို့ တနိုင်ငံလုံးအနေနဲ့ တောင်းဖို့ အချိန်ရောက်နေပြီ ဆိုတာလေ၊ အဲဒီတော့ ညှိနှိုင်းဖို့ဆိုတာ” လို့ ပြောပါတယ်။

ဒီမိုကရက်ဘက်က အထွေထွေအကျပ်အတည်းကြားမှာ မြန်မာ့အရေးကို ချက်ချင်း ဦးစားပေး မကိုင်တွယ်နိုင်သေးရင်တောင် လတ်တလော အမေရိကန်ကို ရောက်နေတဲ့ မြန်မာတွေ အပါအဝင် ရွှေ့ပြောင်းနေထိုင်သူတွေအတွက်တော့ တင်းကျပ်မှုတွေ ပြေလျော့ပြီး ပြဿနာတချို့ ပြေလည်နိုင်မဲ့ အခွင့်အရေး ရှိလာတယ်လို့ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတယောက်က မှတ်ချက်ပေး ပါတယ်။

ဒီမိုကရက်ပါတီရဲ့ အခြေခံမူဝါဒတွေနဲ့ မဲဆွယ်စည်းရုံးတဲ့ ကတိကဝတ်တွေအရ ပြည်တွင်းပြည်ပ လူသားစာနာအကူအညီတွေ၊ ကျန်းမာရေးဆိုင်ရာ၊ လူမှုဖူလှုံရေးဆိုင်ရာ အကျပ်အတည်းတွေ ပြေလျော့ သွားဖို့လည်း အခြေအနေကောင်း ပြန်ရှိလာတာပါ။

မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတယောက်က “အစိုးရဘတ်ဂျက်တွေက လွှတ်တော်ကပဲ ချပေးရတာကိုး။ လွှတ်တော်ကပြောတဲ့ Guide Line လွှတ်တော်က တောင်းဆိုတာကို မလိုက်နာဘူးဆိုရင် ဝန်ကြီးဌာန၊ အမိမြေလုံခြုံရေးဝန်ကြီးဌာနပဲဖြစ်ဖြစ် ဘယ်ဝန်ကြီးဌာနပဲဖြစ်ဖြစ် လွှတ်တော်က ဘတ်ဂျက်မချပေးတော့ဘူး၊ ချပေးထားတဲ့ဘတ်ဂျက်ကိုလည်း ပြန်ပြီးတော့ ရုပ်သိမ်းတယ်ဆိုပြီး လုပ်တာမျိုး အကျပ်ကိုင်တာမျိုးအထိ လုပ်လာနိုင်တယ်။ သမ္မတနဲ့ ထိပ်တိုက်တွေ့ရမယ့်ကိစ္စပဲ၊ ဒါပေမဲ့ ဒါက ကောင်းတဲ့လက္ခဏာပေ့ါနော်။ ရွှေ့ပြောင်းနေထိုင်သူတွေ အထူးသဖြင့် မြန်မာတွေနဲ့ သက်ဆိုင်နေတဲ့ကိစ္စပေါ့။ Asylum လျှောက်ထားတဲ့လူတွေ Green Card လျှောက်ထားတဲ့လူတွေ နိုင်ငံသားလျှောက်ထားတဲ့လူတွေ အဲဒီလူတွေရဲ့ လျှောက်လွှာတွေကို သမ္မတထရမ့်ပ် အစိုးရက လက်ရှိမှာ အချိန်ဆွဲပြီးတော့ ကြာအောင်လုပ်နေတာ အဲဒီလိုမျိုးတွေ ရှိနေတဲ့ကိစ္စမှာ လုပ်ထုံးလုပ်နည်းအတိုင်း ၆ လကြာသင့်တဲ့ကိစ္စကို ၆ လကြာအောင်ပဲ လုပ်ပါ၊ လွှတ်တော်ကနေ လူဝင်မှုကြီးကြပ်ရေးဌာနကို ဖိအားပေးတာတွေ လုပ်လာနိုင်တယ်၊ အဲဒီလို လုပ်မယ်လို့လည်း သတင်းတွေ ထွက်နေတယ်ပေ့ါနော်” လို့ ပြောပါတယ်။

ထရမ့်ပ်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ သံတမန်လုပ်ငန်းစဉ် မဟာဗျူဟာ မူဘောင်ဟာလည်း ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာ ၃ ရက်နေ့မှာပဲ တပြိုင်တည်း ထွက်ပေါ်ခဲ့ တာပါ။

ရွေးကောက်ပွဲရလဒ် ထွက်မလာခင်မှာ ကြိုထွက်လာတဲ့ မူဘောင်ဟာ နိုင်ငံရေးသဘောသဘာဝအရ တိုက်ဆိုင်မှု ဟုတ်၊ မဟုတ် စောင့်ကြည့်ရမယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

လွှတ်တော်က ကန့်ကွက်မှုတွေ မလုပ်နိုင်ခင်မှာ ထွက်လာတဲ့ ဒီမူဘောင်ဟာ တရုတ်နိုင်ငံနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန်အစိုးရရဲ့ ရှေ့ဆက်မူဝါဒတွေကို ကြိုထုတ်ပြန်ထားတဲ့ သဘောသက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

သုတချမ်းသာ

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013