DVB Logo
Home
Lead Story
အမေရိကန် ဦးစားပေးလား၊ မြန်မာ့အရေးလား သံရုံး မဟာဗျူဟာသစ်အပေါ် အမြင်
စိုးသူအောင်
·
November 5, 2026
Photo: U.S. Embassy Rangoon
Photo: U.S. Embassy Rangoon
Donate to DVB

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ မဟာဗျူဟာ စီမံချက်အသစ်ထဲမှာ လာမဲ့ ၂၀၃၀ ပြည့်နှစ်အထိ ရည်မှန်းချက်တွေကို ထည့်သွင်းထားတာမှာ မြေရှားသတ္တုရယူရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေလည်း ထည့်ထားတဲ့အပြင် နယ်စပ်ဖြတ်ကျော် ခြိမ်းခြောက်မှုတွေကို နှိမ်နင်းဖို့၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ မူးယစ်ဆေးဝါးကွန်ရက်တွေကို  ဖြိုခွင်းဖို့ ထည့်သွင်းထားပါတယ်။

ဒါ့အပြင် ဗီဇာသက်တမ်းလွန် နေထိုင်သူတွေကို ပြန်လက်ခံရေးအတွက် နေပြည်တော် အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။

စီးပွားရေးဘက်မှာလည်း အမေရိကန်ပို့ကုန်တွေကို ၃ ဆအထိ တိုးမြှင့်ဖို့ ရည်မှန်းထားပြီး ဒေါ်လာ ၅ သန်းကျော်တန်တဲ့ စီးပွားရေး သဘောတူညီချက် ၃ ခု ရယူဖို့လည်း ကြိုးပမ်းမှာပါ။

ဒီအချက်တွေကြောင့် အမေရိကန်ဟာ သူ့အကျိုးစီးပွားဘက်ကိုပဲ ပိုကြည့်လာသလားဆိုပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ အမေရိကန်လွှတ်တော်ကတော့ ဒီမိုကရေစီအင်အားစုတွေကို ဆက်လက်ထောက်ခံနေတယ်လို့ အမေရိကန်ရောက် မြန်မာ့အရေး လေ့လာသူ ဦးဂျိမ်းစ်ရွှေက ပြောပါတယ်။

“မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံမှုက ဒီမိုကရက်တွေချည်း မဟုတ်ဘူးဗျ။ ရီပတ်ဘလစ်ကန်တွေကလည်း Bipartisan ပေါ့လေ၊ ပါတီနှစ်ခုစလုံးက ထောက်ခံတယ်ဆိုတော့ ကျနော်တို့ကို လွှတ်တော်က ကိုယ်စားပြု ထောက်ခံပေးမဲ့ အင်အားကတော့ ကောင်းဆဲလို့ ကျနော်တို့ ယူဆပါတယ်။ အဲ့တော့ နေပြည်တော်နဲ့ ဆက်ဆံမှု တိုးမြှင့်လာတာက ဒီ တော်လှန်ရေးအပေါ်မှာ သံတမန်ရေးဖိအား ဖြစ်လာနိုင်ပေမဲ့ အမေရိကန်က ဒီမိုကရေစီအင်အားစုတွေကို စွန့်ပစ်လိုက်ပြီ ဆိုပြီးတော့ ကောက်ချက်ချဖို့ကတော့ စောသေးတယ်နဲ့ တူတယ်နော်။ တချို့တွေကတော့ အဆိုးဆုံးကို ခန့်မှန်းတာပေါ့နော်။ ဒါပေမဲ့ အဲဒီလို ဖြစ်လာမယ်လို့တော့ အများစုက မမြင်ပါဘူး၊ ဖြစ်နိုင်ဖို့ကလည်း နည်းပါတယ်။”

အမေရိကန်ရဲ့ မဟာဗျူဟာထဲ ၂၀၃၀ ပြည့်နှစ်အရောက်မှာ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး ရရှိဖို့လည်း မျှော်မှန်းထားပါတယ်။

ခိုင်မာတဲ့ သဘောတူညီချက်တွေ ဒါမှမဟုတ် မူဝါဒ အဆိုပြုချက်တွေ ထွက်ပေါ်လာစေတဲ့ အဖွဲ့အစည်းပေါင်းစုံ ပါဝင်တဲ့ ဆွေးနွေးပွဲ ဖိုရမ် အနည်းဆုံး ၃ ခုကို လုပ်ပေးမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ပြည်တွင်းမှာ စစ်တပ်က အာဏာသိမ်းထားသရွေ့တော့ ဒီငြိမ်းချမ်းရေးက မဖြစ်နိုင်ဘူးလို့ တရုတ်အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက ထောက်ပြပါတယ်။

“ဗမာပြည်မှာ ရေရှည်ငြိမ်းချမ်းရေး မပြောနဲ့၊ အပစ်အခတ်ရပ်စဲရေး ရဖို့တောင် ဘယ်လောက်ခက်တယ်ဆိုတာ လူတိုင်းသိတယ်။ ဘာဖြစ်လို့လဲ၊ တချက်က ဗမာပြည်ရဲ့ နိုင်ငံရေးကို ဒီ စစ်တပ် စစ်အာဏာရှင်စနစ်က ကိုင်ထားလို့ပဲ။ ဗမာပြည် ငြိမ်းချမ်းရေးရဖို့ အခု အမေရိကန်က လုပ်လာမဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဘာတွေ ပြည်သူလူထု ခံစားနိုင်ဖို့ အားလုံးဟာ ဒီစစ်တပ်ပေါ်မှာပဲ မူတည်တာနော်။ ဗမာပြည်မှာ ငြိမ်းချမ်းရေးရဖို့ အမေရိကန်လည်း မလုပ်နိုင်ဘူး၊ တရုတ်လည်း မလုပ်နိုင်ဘူး၊ ရုရှားလည်း မလုပ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲ၊ ဒီငြိမ်းချမ်းရေးဟာ ဗမာပြည်ရဲ့ ငြိမ်းချမ်းရေးပဲဖြစ်ဖြစ်၊ ဖွံ့ဖြိုးတိုးတက်ရေးပဲဖြစ်ဖြစ် လုပ်နိုင်တာ တခုပဲ၊ အဲဒါ ဒီ စစ်တပ်ပြိုမှ ဖြစ်မှာ။ ဒီ စစ်တပ်က ကိုယ်စားပြုထားတဲ့ စစ်အာဏာရှင်စနစ် ပြိုမှ ဖြစ်တာပါ။”

အမေရိကန်ရဲ့ စီမံချက်ထဲမှာ ဘဏ္ဍာရေး ဖက်ဒရယ်စနစ်နဲ့ နယ်မြေပိုင်းခြားမှုဆိုင်ရာ ဆွေးနွေးပွဲတွေလည်း ပါဝင်နေပါတယ်။

ဒီကနေတဆင့် မြေရှားသတ္တုတွေကို ရယူဖို့ အမေရိကန်က မျှော်မှန်းနေပုံရပေမဲ့ မြေပြင်မှာတော့ မြေရှားသတ္တုတွင်း အများစုကို တိုင်းရင်းသားလက်နက်ကိုင်တွေက ထိန်းချုပ်ထားပါတယ်။

ဒါကြောင့် အမေရိကန်ရဲ့ ချဉ်းကပ်မှုဟာ မြေပြင်မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာစေနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတယောက်က သူ့အမြင်ကို ပြောပါတယ်။

“နေပြည်တော်အနေနဲ့ ဒီ မြေရှားသတ္တုရရေးသည် အမေရိကန်နိုင်ငံကို ဆွဲဆောင်နိုင်မဲ့ တခုတည်းသော leverage လို့ မြင်သွားတယ်ဆိုရင် သူတို့အနေနဲ့ ပိုပြီးတော့ မြေရှားသတ္တုတွင်းတွေ ရဖို့ ထိုးစစ်တွေ ဆင်လာမယ်။ အထူးသဖြင့် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ခွဲယူရမယ်ဆိုရင် သူ့အနေနဲ့ အမေရိကန်နိုင်ငံကို အဲ့လောက်ကြီးကျယ် လွှမ်းမိုးနိုင်မှာ မဟုတ်ဘူးလေ။ အဲဒီအတွက်ကြောင့်မို့လို့ သူ ပိုပြီး ထိုးစစ်ဆင်မယ်၊ အဲဒီအဖွဲ့အစည်းတွေဆီကနေပြီးတော့ မြေရှားသတ္တုတွင်းတွေကို သူ လုယူမယ်။ အဲ့လိုလုပ်ရင် တိုက်ပွဲတွေက ပိုဖြစ်မယ်၊ ငြိမ်းချမ်းရေး ရဖို့က ပိုတောင် မဖြစ်နိုင်ဘူးပေါ့လေ။ ဆိုတော့ policy တွေက တခုရဲ့ အကျိုးသက်ရောက်မှုက နောက်တခုအပေါ်မှာ ဘယ်လိုသက်ရောက်မလဲ ဆိုတဲ့ဟာကို သိပ်ပြီးတော့ လေးလေးနက်နက် စဉ်းစားထားတဲ့ပုံစံ မရှိဘူးလို့ပဲ မြင်တယ်ပေါ့လေ။”

ဒါ့အပြင် မြန်မာပြည်က လူဦးရေ ၃ သန်းဆီ အကူအညီတွေ ရောက်ရှိစေဖို့ စီစဉ်ထားတာကလည်း တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို ယှဉ်ပြိုင်ဖို့ ကြိုးစားတာလို့ လေ့လာသူတချို့က ယူဆကြပါတယ်။

ဒါပေမဲ့ မြေပြင်အခြေအနေကို သေချာမတွက်ဘဲ ရေးဆွဲထားတဲ့ မူဝါဒတွေကြောင့် ပဋိပက္ခတွေ ပိုရှုပ်ထွေးသွားမှာကို လေ့လာသူတချို့က စိုးရိမ်နေသလို မြန်မာ့အရေး အပြောင်းအလဲမှာတော့ ပြည်သူလူထု၊ ပြည်တွင်းအင်အားစုတွေရဲ့ အဆုံးအဖြတ်နဲ့ စစ်မြေပြင် အခြေအနေတွေကသာ အဓိကမောင်းနှင်အားအဖြစ် ဆက်လက်တည်ရှိနေဦးမယ်လို့ သုံးသပ်သူတွေက ရှုမြင်နေကြပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013