DVB Logo
Home
မြန်မာသတင်း
ပို့ကုန်ရငွေ ၂၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့် ပေးသွင်းနေရသဖြင့်  ကုန်သည်များ အရှုံးပေါ်
DVB
·
November 20, 2024
ပို့ကုန်ရငွေ ၂၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့် ပေးသွင်းနေရသဖြင့်  ကုန်သည်များ အရှုံးပေါ်
Donate to DVB

မြန်မာ-ထိုင်းနယ်စပ်ကနေ ကုန်သွယ်ရာမှာ နိုင်ငံခြား ပို့ကုန်ရငွေ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကို ပေးသွင်းရပြီး အပြင်သတ်မှတ်ပေါက်ဈေးထက် ဈေးကွာခြားတာတွေကြောင့် အရှုံးတွေနဲ့ရင်ဆိုင်နေရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ 

နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန်ရငွေရဲ့ ၂၅ ရာခိုင်နှုန်းကို  ဗဟိုဘဏ်ကိုပေးသွင်းပြီး စစ်ကောင်စီဗဟိုဘဏ်က သတ်မှတ်ဈေးအတိုင်း ပြန်လည်ရောင်းချပေးသွားမယ်လို့ အောက်တိုဘာလ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ 

ဗဟိုဘဏ်ရဲ့ သတ်မှတ်ဈေးဖြစ်တဲ့ အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေကျပ် ၂၁၀၀ ၊ ထိုင်းဘတ် ၁ ဘတ်ကို မြန်မာငွေကျပ်  ၅၈ ကျပ်နှုန်းနဲ့ ပြန်လည်ရရှိပါတယ်။ သွင်းကုန် လိုင်စင်လျှောက်ခွင့်ရဖို့ ကုန်သည်တွေအနေနဲ့ မကိုက်ကိုက်အောင် ကြံဖန်ပြီး ရှာဖွေပြီးပို့ကုန်တင်ပို့နေရတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

နယ်စပ်ကုန်သည်တယောက်က “နိုင်ငံခြားကို ပို့လိုက်တဲ့ပို့ကုန်ရငွေ ၂၅ ရာခိုင်နှုန်းကို အစိုးရဗဟိုဘဏ်ကို ဒီပိုက်ဆံရောင်း‌ပေးရမယ်။ ၇၅ ရာခိုင်နှုန်းကျ ပြင်ပပေါက်ဈေးနဲ့ရောင်းလို့ရတယ်။ ကြုံရတဲ့ အခက်အခဲက ပျမ်းမျှတွက်လိုက်ရင် တပတ်ကို ၂၂ ကျပ်လောက် အရှုံးဖြစ်နေတယ်။ ရေရှည်ကတော့ နိုင်ငံခြားတင်ပို့တဲ့ ပို့ကုန်ကျဆင်းလာပြီး ပို့ကုန်တွေ တဖြေးဖြေးထိခိုက်လာတယ်။ ပို့ကုန်သမားတွေက မကိုက်ရင်ကိုက်အောင် ကြံဖန်ပြီး ရှာရတာပေါ့။ သွင်းကုန်သွင်းချင်တာကို ပို့ကုန်သွင်းနိုင်မှ ပို့ကုန်ရတဲ့ပိုက်ဆံနဲ့ သွင်းကုန် လိုင်စင်လျှောက်ခွင့် ပြန်ပေးတယ်”လို့ ပြောပါတယ်။

တဖက်မှာလည်း ကုန်သည်တွေအနေနဲ့ သွင်းကုန်ရရှိဖို့ ပို့ကုန်ကို အရှုံးခံတင်ပို့နေရပေမဲ့ သွင်းကုန်လိုင်စင်ရရှိဖို့ ခက်ခဲတာကြောင့် တရားမဝင်ကုန်သယ်မှုတွေပြုလုပ်နေရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ကုန်ပစ္စည်းတွေကို နယ်စပ်ဒေသနဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေအပြင် ပြည်တွင်းသိုလှောင်ရုံနဲ့ ဈေးကွက်တွေအထိ ဝင်ရောက်စစ်ဆေးအရေးယူသွားဖို့ ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ညွှန်ကြားခဲ့ပါတယ်။

တဖက်မှာလည်း စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက ထိုင်းကုန်စည်တင်ဆောင်တဲ့ယာဉ်တွေကို ဖမ်းဆီးစစ်ဆေးတာ၊ တရားမဝင်တင်ဆောင်လာတဲ့ ကုန်စည်တွေအပြင် ယာဉ်နဲ့ ယာဉ်မောင်းတွေကိုပါ ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။

ဒါအပြင် စစ်ကောင်စီက ခဲ၊ သတ္တု၊ အလူမီနီယံ၊ ပရဆေး၊ ကြက်သွန်နီနဲ့ စိုက်ပျိုးသီးနှံ စတဲ့ကုန်စည်တွေရဲ့ ၂၅ ရာခိုင်းနှုန်းရောင်းချရငွေကို  ဗဟိုဘဏ်က သတ်မှတ်ဈေးအတိုင်း ရောင်းချရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ကုန်သည်တယောက်က “တောင်သူတွေကို။  ထိခိုက်တာတော့ ပြောမနေနဲ့၊ အခွန်ပေါ်လစီက မြင့်နေတယ်ဆိုရင်  ဒီတင်ပို့ရတဲ့ သူအတွက်လည်း မကိုက်ဘူး။ တင်သွင်းရတဲ့သူအတွက်လည်း မကိုက်ဘူး။ အရောင်းအဝယ်နှေးကုန်မှာပေါ့။ အခွန်စီးဆင်းမှုနဲ့ပတ်သက်ပြီး ပိုပြီးသက်သက်သာသာနဲ့ မြန်မြန်ဆန်ဆန်ဖြစ်အောင် ဟိုဘက်ဈေးကွက်ကိုရှာပေးရမယ်အစား သူကဗြောင်ပြန်လုပ်လိုက်သလိုဖြစ်တယ်။ ကုန်သည်က အရေအတွက်နည်းသွားပြီးဆိုရင် ဒီဘက်က တောင်သူက ဈေးပေါပေါနဲ့ ရောင်းရတာတွေရှိတယ်။ လွှတ်ပစ်ရတာတွေရှိတယ်။ အဲလိုမျိုးကြောင့် ဖြေလျော့ပေးသင့်တယ်”လို့ ပြောပါတယ်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ဖြစ်တဲ့ ဧပြီကနေ ဇွန်အထိ မြဝတီ နယ်စပ်ကနေ ပို့ကုန်ဒေါ်လာ  ၃၀ သန်းကျော်၊ သွင်းကုန် ဒေါ်လာ ၃၃ သန်း ကျော်ရရှိထားပါတယ်။

ဒါ့အပြင် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြဝတီကုန်သွယ်‌ရေးဇုန်ကနေ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ၊ သွင်းကုန်ရငွေ သန်း ၇၀၀ နီးပါးရရှိထားပြီး  ကုန်သွယ်မှုပမဏ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ နီးပါးလျာထားတယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013