
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ချောင်းခွရွာမှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က စစ်တပ်က စစ်ကြောင်းထိုးပြီး ဒေသခံ အမျိုးသမီး ၃ ယောက်ကို မုဒိမ်းကျင့် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ တရားမျှတမှုရရှိဖို့ မျှော်လင့်နေကြတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
အင်အား ၈၀ ဝန်းကျင်ပါတဲ့ ဂန့်ဂေါမြို့နယ်ဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ၂၀၂၂ ခု ဖေဖော်ဝါရီ ၂၂ ရက်က ကလေးမြို့နယ်၊ ချောင်းခွရွာဘက်ကို ဦးတည် စစ်ကြောင်းထိုးခဲ့ပါတယ်။
စစ်ကောင်စီ စစ်ကြောင်းသတင်းကြောင့် ကျေးရွာတွင်းမှာ မနေရဲကြဘဲ နီးစပ်ရာတောတွေထဲ ထွက်ပြေးရာကနေ ဖေဖော်ဝါရီ ၂၃ ရက် ညနေမှာ စစ်ကြောင်းနဲ့တိုးပြီး အသက် ၄၀ အရွယ် မိခင်ဖြစ်သူ ဒေါ်ငွန်ဇာလဲန်နဲ့ သူ့ရဲ့ သမီး ၂ ယောက်ဖြစ်တဲ့ အသက် ၁၆ နှစ်အရွယ် မိုင်သီယန်နွန်ကြွယ်နဲ့ အသက် ၁၄ နှစ်အရွယ် မိုင်ငွန်ဇာသီယန်တို့ဟာ စစ်တပ်ရဲ့ အဓမ္မပြုကျင့်ပြီး သတ်ဖြတ် မီးရှို့ခံခဲ့ရတာပါ။
စစ်ကောင်စီတပ်သားတွေက ညီမဖြစ်သူ ဒေါ်ငွန်ဇာလ်န်တို့ သားအမိ ၃ ယောက်ကို ဖမ်းဆီးခေါ်သွားပြီး ပစ်သတ်မီးရှို့ခဲ့တာကို တူမရဲ့ နားဆွဲကိုမြင်မှ ညီမဖြစ်သူသားအမိ အသတ်ခံရတာကို သိခဲ့ရတာလို့ ကိုယ်တိုင်ဖမ်းဆီးခံရပြီး ပြန်လွတ်လာခဲ့တဲ့ ချောင်းခွရွာသား မိသားစုဝင် ဦးအာထန်းက ပြောပါတယ်။
စစ်ကောင်စီ အာဏာရနေတဲ့အချိန်မှာ သူတို့ရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ဒီအချိန်မှာ တရားစွဲဆိုဖို့ မဖြစ်နိုင်သေးဘဲ တရားစွဲဖို့ ပြုလုပ်တဲ့သူတောင် ပြန်ဖမ်းခံရနိုင်ခြေရှိတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ရှေ့နေတယောက်က ပြောပါတယ်။
ကလေးနယ်က ဒေသခံတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတိပေးချက်တွေ၊ စစ်ကောင်စီ စစ်ကြောင်းသတင်းတွေကို နားစွင့်ကာ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ရိုက်မတွေ့မိအောင် ရှောင်ရှားကြဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က မှာကြားထားပါတယ်။
ညီမဖြစ်သူ ဒေါ်ငွန်ဇာလ်န်တို့ သားအမိ မုဒိမ်းကျင့် မီးရှို့သတ်ဖြတ်ခံရပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ချင်ခဲ့လို့ တော်လှန်ရေးတပ်ဖွဲ့ထံ ချိတ်ဆက်ခဲ့ပေမဲ့ အသက်အရွယ်အရ လက်မခံတာကြောင့် နောက်ဆုတ်ခဲ့ရတယ်လို့ ဦးအာထန်းက ဆက်ပြောပါတယ်။
အဆိုပါ ချောင်းခွရွာဘက်မှာ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတာ ရှိပေမဲ့ ချင်းအမျိုးသမီး သားအမိ ၃ ယောက် မုဒိမ်းကျင့် သတ်ဖြတ်ခံရတဲ့ဖြစ်စဉ် မရှိထားဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာတွေကို ဖြေကြားခဲ့ဖူးပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းပြုစုချက်အရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းကနေ အခုနှစ် နိုဝင်ဘာ ၁၉ ရက်အထိ စစ်ကောင်စီရဲ့ လက်ချက်ကြောင့် သေဆုံးသူ ၅,၉၆၉ ယောက် ရှိတယ်လို့ သိရပါတယ်။











