DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် တနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိ၊ ဆီးရီးယား စံချိန်ထက် ကျော်လွန်
DVB
·
November 20, 2024
မြန်မာတွင် တနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိ၊ ဆီးရီးယား စံချိန်ထက် ကျော်လွန်
Donate to DVB

မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်း အသုံးပြုမှု စောင့်ကြည့်ခံနိုင်ငံများစာရင်းမှာ ထိပ်ဆုံးမှာရှိနေပြီး ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူသတ်မိုင်းတွေကြောင့် ထိခိုက် သေဆုံးခဲ့ရသူဦးရေဟာ ၁၀၀၃ ယောက် အထိရှိတယ်လို့  ကမ္ဘာ့နိုင်ငံတွေရဲ့ မြေမြှုပ်မိုင်းအသုံးပြုမှုနဲ့ပတ်သက်ပြီး  စောင့်ကြည့်ထုတ်ပြန်လိုက်တဲ့ အစီအရင်ခံစာအရ သိရပါတယ်။ 

ဒါဟာ မြေမြှုပ်မိုင်းကြောင့် နှစ်စဉ် ထိခိုက်သေဆုံးရမှုမှာ ပထမဆုံးအကြိမ်အနေနဲ့ အမြင့်ဆုံး အရေအတွက် ဖြစ်ခဲ့ပြီး အရင်ကတော့ ဆီးရီးယားနိုင်ငံဟာ ၃ နှစ်ဆက်တိုက် အမြင့်ဆုံး ဖြစ်ခဲ့ပေမဲ့ အခုအခါမှာ မြန်မာနိုင်ငံက ဆီးရီးယားရဲ့ စံချိန်ထက်ကို ကျော်လွန်သွားခဲ့တာလည်း ဖြစ်ပါတယ်။

မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL) က  စာမျက်နှာပေါင်း ၁၄၂ မျက်နှာပါဝင်တဲ့  မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ရေး ၂၀၂၄ အစီရင်ခံစာကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီကနေ့ နိုဝင်ဘာ ၂၀ ရက်က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

လူသတ်မိုင်းတွေကို ဆက်လက် အသုံးပြုနေတဲ့ မြန်မာနဲ့ ရုရှားတို့လို နိုင်ငံတွေကြောင့် လူသတ်မိုင်း အသုံးပြုမှု တားမြစ်ရေး အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ရဲ့ အကျိုး သက်ရောက်မှုဟာ အားပျော့လာနိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က အစီရင်ခံစာထုတ်ပြန်တဲ့အခမ်းအနားမှာ ပြောကြားလိုက် ပါတယ်။

မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ရေး ၂၀၂၄ အစီရင်ခံစာရဲ့ အယ်ဒီတာတဦးလည်းဖြစ်သလို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ တွဲဖက်ဒါရိုက်တာတဦးလည်းဖြစ်တဲ့ မတ်ခ်ဟစ်ဇနေးက “လူသတ်မိုင်း ထုတ်လုပ်မှုနဲ့ လွှဲပြောင်းမှုတွေ  လျော့နည်းလာခဲ့တာ၊ သိုလှောင်ထားတဲ့ မိုင်းပေါင်း ၅၅ သန်းကျော်ကို ဖျက်ဆီးနိုင်ခဲ့တာတွေဟာ မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေးစာချုပ်ရဲ့ အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့ နိုင်ငံတွေမှာ လူသတ်မိုင်းတွေ ဆက်ပြီး အသုံးပြုနေတာဟာ အရပ်သားပြည်သူတွေရဲ့ အသက်ခန္ဓာနဲ့ အသက်ကယ် သဘောတူစာချုပ်ရဲ့ ထိရောက်မှုကို ခြိမ်းခြောက်နေတယ်” လို့ ပြောပါတယ်။

မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ကစပြီး လူသတ်မိုင်းတွေကို စဉ်ဆက်မပြတ် အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံဟာလည်း ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ယူကရိန်းနိုင်ငံကို အင်အားအလုံးအရင်းနဲ့ ကျူးကျော် တိုက်ခိုက်ခဲ့ချိန်ကစလို့ လူသတ်မိုင်းတွေကို အကြိမ်ကြိမ် အသုံးပြုခဲ့တာကြောင့် လူရာပေါင်းများစွာ ထိခိုက် သေဆုံးခဲ့ရပြီး မြေယာညစ်ညမ်းမှုတွေလည်း များစွာ ဖြစ်ပေါ်စေခဲ့ပါတယ်။

အီရန်နဲ့ မြောက်ကိုရီးယားတို့မှာလည်း ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်အတွင်းမှာ လူသတ်မိုင်း အသုံးပြုမှုတွေ ရှိခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကမ္ဘောဒီးယား၊ အိန္ဒိယ၊ မြန်မာ၊ ပါကစ္စတန်နဲ့ ပလက်စတိုင်းတို့မှာ အစိုးရလက်အောက်ခံ မဟုတ်တဲ့ တခြားလက်နက်ကိုင် အဖွဲ့တွေဟာလည်း လူသတ်မိုင်းအသုံးပြုမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း ၅၃ နိုင်ငံနဲ့ အခြား ဧရိယာ ၂ ခုမှာ မြေမြှုပ်မိုင်းတွေကြောင့် လူပေါင်း ၁,၉၈၃ ဦးသေဆုံးခဲ့ရပြီး  လူပေါင်း ၅,၇၅၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးဒဏ်ရာရရှိသူ အားလုံးရဲ့ ၈၄ ရာခိုင်နှုန်းဟာ အရပ်သားပြည်သူတွေ ဖြစ်ပြီး ၃၇ ရာခိုင်နှုန်းဟာ ကလေးငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ မြေမြှုပ်မိုင်းတွေဟာ အမြဲလိုလို ခြိမ်းခြောက်နေတဲ့ အန္တရာယ်တခုဖြစ်ပြီး နေရပ် စွန့်ခွာရမှုတွေ ရှိလာနိုင်တဲ့အပြင် လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရေးမှာလည်း နှောင့်နှေးကြန့်ကြာစေ နိုင်သလို လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေမှာလည်း အဟန့်အတား ဖြစ်စေနိုင်တာပါ။

၁၉၉၇ ခုနှစ်မှာ အတည်ပြုခဲ့ပြီး ၁၉၉၉ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှာ စတင်အသက်ဝင်ခဲ့တဲ့ မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး သဘောတူစာချုပ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ်အတွင်းမှာ အရေးပါတဲ့ တိုးတက်မှုကောင်းတွေ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ 

သဘာတူစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေအနေနဲ့ လူသတ်မိုင်း အသုံးပြုမှုကို လုံးဝ အဆုံးသတ်သွားရမှာ ဖြစ်ပြီး သိုလှောင်ထားတဲ့ မိုင်းတွေကိုလည်း ဖျက်ဆီးသွားရမှာ ဖြစ်ပြီး မြေမြှုပ်မိုင်းသင့် ဧရိယာတွေမှာ မိုင်းရှင်းလင်းရေးနဲ့ မိုင်းသင့်ပြည်သူတွေကို ကူညီထောက်ပံ့မှုတွေ ပေးအပ်သွားရေး စတဲ့ အချက်တွေကိုလည်း လိုက်နာ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

အမေရိကန်ကလွဲလို့ ကျန်ရှိနေတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံအားလုံး အပါအဝင် နိုင်ငံပေါင်း ၁၆၄ နိုင်ငံဟာ သဘောတူ စာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးထားပါတယ်။

မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ရေး ၂၀၂၄ အစီရင်ခံစာကိုတော့ အစိုးရမဟုတ်တဲ့ ကမ္ဘာလုံးဆိုင်ရာညွန့်ပေါင်းအဖွဲ့ဖြစ်တဲ့ မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL) က ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ICBL ဟာ ကမ္ဘာတဝန်း မြေမြှပ်မိုင်းကင်းစင်းရေး ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် ၁၉၉၇ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဆွတ်ခူးရရှိထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ဒီအစီရင်ခံစာကို ကမ္ဘောဒီးယားနိုင်ငံ၊ Siem Reap ဆီရမ်ရိမြို့မှာ  နိုဝင်ဘာလ ၂၅ ရက်ကနေ ၂၉ ရက်အထိ ကျင်းပသွားမယ့် မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး သဘောတူစာချုပ်ရဲ့ ပဉ္စမအကြိမ်မြောက် ပြန်လည်သုံးသပ်ရေးညီလာခံမှာ တင်ပြသွားမှာဖြစ်ပြီး အဲဒီညီလာခံကို နိုင်ငံပေါင်း ၁၀၀ ဝန်းကျင် တက်ရောက်နိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013