DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြောက်ပိုင်းတွင် သစ်တောကုန်သလောက်နီးနီး ပြုန်းတီး
DVB
·
October 11, 2026
ရန်ကုန်မြောက်ပိုင်းတွင် သစ်တောကုန်သလောက်နီးနီး ပြုန်းတီး
1 / 9
Photo: UNDP
Donate to DVB

ရန်ကုန်မြို့ရဲ့မြောက်ပိုင်းမှာ သစ်တောဖုံးလွှမ်းမှုရဲ့ ၈၇ ရာခိုင်နှုန်းဟာ ၂၀၀၀ ပြည့်နှစ်ကစလို့ ပျောက်ကွယ်သွားပြီး ဒါဟာ ဘောလုံးကွင်းပေါင်း ၆၅,၀၀၀ ရဲ့ အကျယ်လောက်ရှိတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မြန်မာရုံးခွဲရဲ့ အောက်တိုဘာ ၆ ရက်ထုတ် ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

အခုအခါမှာ အရင်ကထက် ပိုမြန်တဲ့နှုန်းနဲ့ ပျောက်ကွယ်လာနေပြီး UNDP ရဲ့ ဂြိုဟ်တုအချက်အလက် ဆန်းစစ်ချက်အရ ၂၀၂၁ ခုနှစ်ကစလို့ လက်ရှိမှာ နှစ်စဉ်ပျမ်းမျှ သစ်တောပြုန်းတီးမှုနှုန်းဟာ အရင်နှစ် ၂၀ အတွင်း ကြုံတွေ့ခဲ့ရတာထက် ၃ ဆ ပိုမြန်လာနေတယ်လို့ ‘တိုးချဲ့လာသည့် ရန်ကုန်မြို့နှင့်အတူ ပျောက်ကွယ်လာရသော သစ်တောများ’ ဆိုတဲ့ ဆောင်းပါးမှာ ဖော်ပြထားတာပါ။

သူတို့ရဲ့ တွက်ချက်မှုအရ သစ်တော ၄၆၄ စတုရန်းကီလိုမီတာ ပျောက်ကွယ်သွားပြီး ဒါဟာ ဘောလုံးကွင်းပေါင်း ၆၅,၀၀၀ နဲ့ ညီမျှတယ်လို့ ဆိုပါတယ်။

သစ်တောတွေ ပြုန်းတီးရတဲ့ အဓိက အကြောင်းတွေကတော့ လူနေအိမ်ခြေ တိုးချဲ့လာတာ၊  စိုက်ပျိုးမြေ ချဲ့ထွင်တာနဲ့ စီးပွားဖြစ် သစ်ထုတ်လုပ်တာတို့ကြောင့်ဖြစ်ပြီး အကြောင်းရင်းတွေက ရှုပ်ထွေးပေမဲ့ သက်ရောက်မှုတွေကတော့ ရှင်းလင်းနေပြီး ပိုပူလာတယ်လို့ ဆိုပါတယ်။

သစ်ပင်တွေ အများဆုံးဆုံးရှုံးခဲ့တဲ့နေရာတွေဟာ ရန်ကုန်တိုင်းရဲ့ အပူဆုံးနေရာတွေအဖြစ် ပါဝင်လာပြီး လေထုအပူချိန်ဟာလည်း အရင်ကထက် ၁ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရန်ကုန်မြောက်ပိုင်းမြို့နယ်တခုမှာနေတဲ့ မသန္တာက ‘အခုတော့ အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေပဲ ပိုများလာတယ်။ တောအုပ်ကလေးကတော့ တော်တော်လေးကို မရှိတော့သလောက်ပါပဲ’ လို့ ပြောဆိုထားပါတယ်။

ရန်ကုန်မြို့ရဲ့ အစွန်အဖျားကို လူတွေ တိုးချဲ့နေထိုင်လာကြပြီး အိမ်ရာနဲ့စိုက်ပျိုးရေးအတွက် သစ်တောတွေကို ရှင်းလင်းခဲ့ကြသလို တချိန်တည်းမှာ မတည်ငြိမ်တဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကြောင့် ကျန်ရှိနေတဲ့ သဘာဝသယံဇာတတွေအပေါ်မှီခိုမှုကလည်း ပိုကြီးမားလာတယ်လို့ ဆောင်းပါးမှာ ဖော်ပြပါတယ်။

တောင်သူတယောက်ဖြစ်တဲ့ ကိုသန်းအောင်က ‘လူတွေက တကိုယ်ရေသုံးဖို့အတွက်ပဲ သစ်မခုတ်ကြတော့ဘူး။ ခုတ်ပြီး ပြန်ရောင်းကြတယ်။ ဝယ်တဲ့သူတွေကလည်း ဒါကိုဝယ်ပြီး တဆင့် ပြန်ရောင်းကြတာပဲ’ လို့ ပြောဆိုထားပါတယ်။

UNDP ရဲ့လေ့လာမှုတခုအရ ရန်ကုန်ကလူငယ်တွေရဲ့ ၇၃ ဒသမ ၂ ရာခိုင်နှုန်းက ရာသီဥတုအခြေအနေတွေ ပိုဆိုးလာမယ် ဒါမှမဟုတ် လက်ရှိလိုမျိုး ဆိုးရွားနေဦးမယ်လို့ ယူဆထားကြပြီး ရန်ကုန်ဟာ လူငယ်တွေအကြား ရာသီဥတုအခြေအနေနဲ့ပတ်သက်လို့ အဆိုးဘက်ကမျှော်မှန်းမှု အများဆုံးရရှိထားတဲ့ ဒေသတွေထဲကတခုဖြစ်တယ်လို့လည်း ဆိုပါတယ်။

Photo : UNDP

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013