DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာ နယ်စပ်ဂိတ်အချို့ ပြန်ဖွင့်
DVB
·
November 20, 2024
တရုတ်-မြန်မာ နယ်စပ်ဂိတ်အချို့ ပြန်ဖွင့်
Donate to DVB

တရုတ်-မြန်မာ နယ်စပ်ဂိတ်တချို့ ဒီရက်ပိုင်းအတွင်း ပြန်ဖွင့်နေပြီဖြစ်ကြောင်း နယ်စပ် ကုန်သည်လုပ်ငန်းရှင်တွေနဲ့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

နယ်စပ်ကုန်သည်တယောက်က “တာလော့-မိုင်းလားဂိတ် ဖွင့်တော့ဖွင့်ပြီ။ ကုန်စုံတော့ မရသေးဘူး။ ကုန်စိမ်းလောက်ပဲ ရသေးတယ်။ ယုံဟော်ဂိတ်လည်း ဖွင့်သွားပြီ။ ယုံ‌ဟော် (ယုံး‌ဟော့) ဆိုတာ ဒီ မိုင်းမော နားမှာလေ။ ဝ ပြည်မှာပေါ့” လို့ ပြောပါတယ်။

ကိုးကန့် MNDAA ထိန်းချုပ်နယ်မြေက ချင်းရွှေဟော် နယ်စပ်ဂိတ်လည်း နိုဝင်ဘာ ၁၆ ရက်က စဖွင့်ပြီလို့ သူက ပြောပါတယ်။

“ချင်းရွှေဟော်ကျတော့ တရုတ်ဘက် အဝင်ပဲရတယ်၊ အထွက်မရဘူး။ အဝင်ဆိုတာ ကြံတို့၊ ပြောင်းဖူးတို့က ဝင်လို့ရတယ်။ ဘိန်းအစားထိုး (သီးနှံ) ပစ္စည်းပေါ့နော်။”

ပန်ဆိုင်း (ကြူကုတ်) - ဝမ်တိန် နယ်စပ်ဂိတ်၊ ကျင်စန်းကျော့ - ဝမ်တိန် နယ်စပ်ဂိတ်တွေလည်း ဘိန်းအစားထိုးသီးနှံ ကြံရာသီဆိုရင် ဖွင့်နိုင်‌ခြေရှိတယ်လို့ သူက ပြောပါတယ်။

“ဒီ (မြန်မာဘက်) က ကြံတွေ မသွားရင် သူတို့ (တရုတ်)စက်ရုံ ပြုတ်မှာလေ။ တရုတ်ပြည်မှာ (ကြံ) ဒီလောက် မစိုက်တော့ဘူး။ ကံပိုင်တည်ကတော့ ဖွင့်သွားပြီ။ ကံပိုင်တည်လည်း ဒီအတိုင်းပဲ။ ငှက်ပျောပဲ ဝင်လို့ရတယ်။ (ကုန်တွေ) ထွက်လို့မရဘူး အဲဒီလို ပြောနေတယ်။ အာလူး တပိဿာက ဒီမှာ တသောင်းကျော်သွားပြီ။”

မြန်မာဘက်က ငှက်ပျော၊ ကြံတွေက တရုတ်လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံထားတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေ ဖြစ်ကာ ဘိန်းအစားထိုး စိုက်ပျိုးရေးသီးနှံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မူဆယ်နယ်စပ် ဒေသခံတယောက်က “မူဆယ်မှာ စားသောက်ကုန်တွေ မရှိတော့ဘူး။ အဲဒါကြောင့် ဒီ စားသောက်ကုန်ပစ္စည်းတွေ တရုတ်ဘက်က ပြန်ပေးထွက်တာ။ ဆိုင်ကယ်က နည်းနည်းပါးပါး တင်လို့ရတယ်” လို့ ပြောပါတယ်။

ဆင်ဖြူ - ကျယ်ဂေါင် နယ်စပ်ဂိတ်ကနေ နိုဝင်ဘာ ၁၉ ရက်မှာ ဆိုင်ကယ်၊ ကားတွေနဲ့ တရုတ်နယ်စပ် ကျယ်ဂေါင်ဘက်ခြမ်းက စားသောက်ကုန်တွေ ပေးထွက်တာရှိပေမဲ့ နိုဝင်ဘာ ၂၀ ‌ရက် မနက်ပိုင်းမှာတော့ လူကြီးတွေ လာတယ်ဆိုပြီး မြန်မာဘက်ခြမ်းက ဆိုင်ကယ်တွေရော ကားတွေရော တရုတ်ဘက် မဝင်ခိုင်းဘူးလို့ သူက ပြောပါတယ်။

ကားတွေက မြန်မာဘက်ကနေ တရုတ်ဘက် အဝင်မရဘဲ တရုတ်ဘက်ကနေ မြန်မာဘက် အထွက်ကို တရုတ်ဘက်က အခွန် စာရွက်စာတမ်း အပြည့်အစုံပါမှ ထွက်လို့ရကြောင်း၊ ဆိုင်ကယ်နဲ့က ပစ္စည်း နည်းနည်းပါးပါး တင်လို့ရပြီး တရုတ်ဘက်ကလွှတ်ပေမဲ့ မြန်မာဘက်က ဖမ်းချင်တဲ့အချိန် ဖမ်းတာရှိကြောင်း၊ ဆိုင်ကယ် ခါလီကတော့ နေ့တိုင်း များကြောင်း ကုန်ဂိတ် လုပ်ငန်းရှင် အမျိုးသမီးတယောက်ကလည်း ပြောပါတယ်။

တရုတ် - မြန်မာ နယ်စပ်ဂိတ် အများစုကို တိုင်းရင်းသား လက်နက်ကိုင်တွေကို ရိက္ခာဖြတ်တောက်တဲ့ အကြောင်းပြချက်နဲ့ တရုတ်ဘက်ကို ဂိတ်ပိတ်ပေးဖို့ စစ်ကောင်စီဘက်က တောင်းဆိုထားတယ်လို့ သိရကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်တွေကို ရိက္ခာဖြတ်တောက်တယ်ဆိုပေမဲ့ အဓိက ဒေသခံ ပြည်သူတွေသာ ခက်ခဲဒုက္ခရောက်ရကြောင်း နယ်စပ်ဒေသခံတွေက ပြောပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဂိတ် အများစုကို ပြီးခဲ့တဲ့ ဩဂုတ်လ လကုန်ပိုင်းမှာ တရုတ်ဘက်က ပိတ်လိုက်တာ ဖြစ်ပါတယ်။

Photo: Pra Jaw

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013