DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် အီးစီးကရက်ထုတ်လုပ်သည့် တရုတ်လုပ်ငန်းရှင်နှင့်အတူ မြန်မာလုပ်သား ၂၂ ဦး ဖမ်းဆီးခံရ 
DVB
·
November 20, 2024
ဘန်ကောက်တွင် အီးစီးကရက်ထုတ်လုပ်သည့် တရုတ်လုပ်ငန်းရှင်နှင့်အတူ မြန်မာလုပ်သား ၂၂ ဦး ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ဘန်ဘော်နယ်မြေရှိ အီးစီးကရက်ထုတ်လုပ်နေတဲ့ အလုပ်ရုံတရုံကို တာဝန်ရှိသူတွေ ဝင်ရောက်စစ်ဆေးရာမှာ တရုတ်လုပ်ငန်းရှင်နဲ့အတူ မြန်မာ ရွှေ့ပြောင်းလုပ်သား ၂၂ ယောက်ပါ ဖမ်းဆီးခံရတယ်လို့ CH7 ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။

ဘန်ဘော်နယ်မြေ ဧကချိုင်း ၈၉ လမ်းထဲမှာ အီးစီးကရက် တရားမဝင် ထုတ်လုပ်နေကြောင်း တာဝန်သိပြည်သူက တိုင်တန်းတဲ့အတွက် လိုအပ်သလို စုံစမ်းထောက်လှမ်းပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်က သွား‌ရောက်စစ်ဆေးခဲ့တယ်လို့ စီးပွားရေးဆိုင်ရာ မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါနေရာမှာ အလှပြင်ပစ္စည်းတွေ ရောင်းချတဲ့ အိမ်ဆိုင်တဆိုင်ဖြစ်ပြီး ရှေ့မှာ မိတ်ကပ်၊ ပေါင်ဒါ စတာတွေ ပြထားပေမဲ့လည်း အိမ်နောက်ဘက်မှာတော့ ဥပဒေက တားမြစ်ထားတဲ့ အီးစီးကရက် ထုတ်လုပ်နေတာကို တွေ့တယ်။ အဲဒီနေရာကနေ ထုတ်လုပ်ပြီးသား အီးစီးကရက် ၃,၅၁၀ တောင့်၊ စီးကရက်ဆေးရည် ၆၃ ဂါလန်၊ စီးကရက်ထုတ်စက် ၈ လုံး၊ စီးကရက်ထုတ်လုပ်ရာမှာ ထည့်သွင်းထုတ်လုပ်တဲ့ ပစ္စည်းကိရိယာ ၄၀,၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

အလုပ်ရှင်မှာ အသက် ၃၇ နှစ်ရွယ် Mrs Liao ဆိုသူ တရုတ်အမျိုးသမီးဖြစ်ပြီး အလုပ်သမား ၂၂ ယောက်မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဖြစ်တယ်။ Mrs Liao မှာ ထိုင်းနိုင်ငံထဲ တရားမဝင် အလုပ်ဝင်လုပ်မှု၊ ဥပဒေက တားမြစ်ထားတဲ့ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချမှု၊ ခွင့်ပြုချက်မရတဲ့ အီးစီးကရက်တွင်း ပါဝင်ပစ္စည်းတွေကို နိုင်ငံခြားမှတင်သွင်းမှု၊ အခွန်ရှောင်မှု၊ တရားမဝင်အလုပ်သမားတွေ ခန့်ထားပြီး သူတို့အဖမ်းမခံရအောင် အကာအကွယ် ပေးထားမှုတွေနဲ့ အရေးယူခံရမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် မြန်မာရွှေ့ပြောင်းလုပ်သား ၂၂ ယောက်ထဲက ၁၁ ယောက်မှာ အလုပ်ရှင်၊ အလုပ်နေရာ မတူညီမှု၊ ခွင့်ပြုချက်မရတဲ့ လုပ်ငန်းခွင်မှာ ဝင်ရောက်လုပ်ကိုင်မှုတွေနဲ့ အရေးယူခံရမှာဖြစ်ပြီး ကျန်တဲ့ ၁၁ ယောက်ကတော့ ဘာအထောက်အထားမှ မရှိတဲ့အတွက် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှု၊ ခွင့်ပြုချက်မရဘဲ အလုပ်ဝင်လုပ်မှုတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

အီးစီးကရက်မှာ သာမန်စီးကရက်တွေ၊ ဆေးပေါ့လိပ်တွေထက် ကျန်းမာရေးကို ပိုမို ထိခိုက်စေလို့ ထိုင်းနိုင်ငံထဲမှာ အီးစီးကရက် ထုတ်လုပ်မှု၊ ရောင်းချမှု၊ သုံးစွဲမှုကို ဥပ‌ဒေနဲ့ တားမြစ်ထားပါတယ်။

source-news.ch7

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013