
မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ နိုဝင်ဘာ ၁၉ ရက် မနက် ၉ နာရီဝန်းကျင်က ဆိုင်ကယ်နဲ့ ထွက်လာတဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့လို့ ပျူစောထီး ၂ ယောက် သေဆုံးကာ သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၈၁၅ တပ်ဖွဲ့ PLA (အနောက်မြောက်စစ်ဒေသ) ဆီကနေ သိရပါတယ်။
အမှတ် ၈၁၅ တပ်ဖွဲ့ PLA ရဲ့ ပြန်ကြားရေးတာဝန်ခံက “တောင်သာမြို့နယ်ထဲက တလိုင်းရပ် (ရွာသစ်) ပျူစောထီးရွာကနေ ဆိုင်ကယ် ၂ စီးနဲ့ ထွက်လာတဲ့ ပျူစောထီးတွေကို လမ်းကနေဖြတ်ပြီး ပစ်ခတ်ခဲ့တာပါ။ သူတို့ဘက်က ၂ ယောက်သေတဲ့အပြင် လက်နက်ခဲယမ်းနဲ့ ဆိုင်ကယ်တွေပါ သိမ်းဆည်းရခဲ့ပါတယ်” လို့ ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း Type 81 သေနတ်တလက်၊ ကာဘိုင်သေနတ်တလက်၊ ၇.၆၂ ကျည်အတောင့် ၂၀၊ ကာဘိုင်ကျည် ၂၁ တောင့်နဲ့ Dayang အမျိုးအစား ဆိုင်ကယ်တစီးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
အမှတ် ၈၁၅ တပ်ဖွဲ့ PLA ရဲ့ တာဝန်ခံက “သူတို့ ရွာကို ကင်းပတ်ဖို့ ထွက်မယ်ဆိုတာကို ကြိုသတင်းရလို့ ကျနော်တို့ရဲဘော်တွေက သူတို့ တလိုင်းပျူရွာထဲအထိ ဝင်ပြီးတော့ကို ကင်းပုန်းဝပ်ပြီး ကြိုစောင့်နေခဲ့တာပါ။ သူတို့ကို တိုက်ခိုက်ချိန်က ၁၀ မိနစ်နီးပါး ကြာခဲ့တယ်။ ပွဲချင်းပြီးသေတဲ့ ၂ ယောက်ထဲမှာ အဲဒီရွာရဲ့ ပျူစောထီးခေါင်းဆောင် ကျော်မင်းထူး ပါတယ်။ ကျန်တဲ့ ဆိုင်ကယ်တစီးနဲ့ ပျူ ၂ ကောင်ကတော့ ထွက်ပြေးလို့ လွတ်သွားတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာ ၁ ရက်ကလည်း PLA ပူးပေါင်းတပ်ဖွဲ့တွေဟာ တလိုင်းရပ် ပျူစောထီး အထိုင်စခန်းတခုကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေကို အမှတ် ၈၁၅ တပ်ဖွဲ့ PLA (အနောက်မြောက်စစ်ဒေသ) နဲ့အတူ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်က စတင်ခဲ့တဲ့ မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ်တွေမှာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (Myingyan District Special Operation - MDSO) အဖြစ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာရွာ၊ စပါးတွင်းရွာ၊ ငွေတွင်းရွာ စတဲ့ စစ်တပ်ထောက်ခံတဲ့ ပျူရွာ ၃ ရွာကိုလည်း နိုဝင်ဘာ ၁၇ ရက်ကစတင်ပြီး နိုဝင်ဘာ ၁၉ ရက် အထိ ၃ ရက်တာ လက်နက်ကြီး၊ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ဝက်လက်မြို့နယ် WL မင်းသားကြီးတပ်ခွဲမှ ဦးဆောင်ပြီး တို့အညာတပ်ရင်း ၁၊ ပျံလွှား၊ ကျားညီးနောင်၊ ဒေါင်းစကြာ၊ ဇွဲမာန်၊ မင်းကန်ပကဖ၊ စွန်ရဲ ပအဖ အဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
ဝက်လက်မြို့နယ် WL မင်းသားကြီးတပ်ခွဲမှ တာဝန်ရှိသူက “ကျနော်တို့ ၁၇ ရက်နေ့ သလဲဘာပျူရွာကို နိုဝင်ဘာ ၁၇ ရက် ညပိုင်း ၉ နာရီကနေ ည ၁၀ နာရီအထိ ရှော့ဒုန်း ၃ လုံး Lord Card ဒုန်း ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဗျ။ နောက်ထပ် စပါးတွင်း ပျူရွာကိုလည်း နိုဝင်ဘာ ၁၈ ရက်နေ့ မနက် ၇ နာရီမှ ၈ နာရီထိ ရှော့ဒုန်း ၃ လုံး Lord Card ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဗျ။ သူတို့ဘက်က ၆၀ မမ လက်နက်ကြီး အပါအဝင် စက်ကလေးတွေနဲ့ပါ ကျနော်တို့ဆီကို ပြန်ပစ်ခဲ့တယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူးဗျ။ နောက်ထပ် ငွေတွင်းပျူရွာကိုလည်း ကျနော်တို့ နိုဝင်ဘာ ၁၉ ရက် မနက်ခင်း ၉ နာရီကနေ ၁၀ နာရီအထိ Lord Card ၅ လုံးနဲ့ ပစ်ခတ်ခဲ့တယ်ဗျ။ ပျူနဲ့ စကစ အသေအပျောက်လည်း အများအပြားရှိတယ်လို့လည်း ကြားထားရတယ်။ အသေးစိတ် စာရင်းအတိကျတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
အဆိုပါကျေးရွာ ၃ ရွာဟာ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေ အားကောင်းပြီး စစ်ကောင်စီက လက်နက်အများအပြား ဖြည့်တင်းပေးထားကာ စစ်တပ် စစ်ကြောင်းထိုးရာ နောက်ကိုလည်း အမြဲလိုက်နေကြရသလို ပတ်ဝန်းကျင်ကျေးရွာတွေကို မကြာခဏ ဝင်ရောက်စီးနင်းပြီး ပြည်သူအိမ်တွေကို မီးရှို့ကြသလို ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ် တာတွေလည်း ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။
အရာတော်မြို့နယ် ပကဖ တာဝန်ရှိသူတယောက်က “အဓိကတော့ နီးရာဓားကို ကြောက်ပြီးတော့ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့သူတွေ၊ ပျူစောထီးတွေကို အကြောက်တရားနဲ့ အသိတရား ဝင်လာကြစေဖို့ ရည်ရွယ်တာပေါ့။ ကျနော်တို့က စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နိုင်တဲ့ အင်အားတွေ ရှိနေပြီ၊ နည်းပညာတွေ တတ်နေကြပြီဆိုတာကို သိအောင် ချပြပေးတာမျိုးလည်း ဖြစ်ပါတယ်။ စစ်ရေးဗျူဟာအရ ကျနော်တို့ နယ်မြေစိုးမိုးထားနိုင်ဖို့အတွက် ပျူရွာတွေ ပပျောက်သွားဖို့အတွက်လည်း ပါပါတယ်” လို့ ပြောပါတယ်။
အရာတော်မြို့နယ်အတွင်း စစ်ကောင်စီထောက်ခံတဲ့ သလဲဘာရွာ၊ ငွေတွင်းရွာ၊ စပါးတွင်းရွာ စတဲ့ ကျေးရွာက ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးတပ်က အကြိမ်ကြိမ် ဝင်ရောက်တိုက်ခိုက် လေ့ရှိပြီး သာမန် အရပ်သားပြည်သူတွေအနေနဲ့ စစ်အာဏာရှင် ထောက်ခံသူတွေနဲ့ ပူးပေါင်းမနေကြဖို့ သတိပေးထားတာကြောင့် အဆိုပါပျူ ၃ ရွာအတွင်း ပျူစောထီးနဲ့ စစ်တပ်ကလွဲလို့ သာမန်အရပ်သားတွေ နေရပ်စွန့်ခွာ နေကြရတယ်လို့လည်း သိရပါတယ်။










