DVB Logo
Home
မြန်မာသတင်း
စိန်ရောင်ခြည် စာသင်ကျောင်းက ကလေး ၅၀ ကျော် ရာသီတုပ်ကွေးဖြစ်ပွား၊ ဆေးဝါးအကူအညီ လိုအပ်
DVB
·
November 19, 2024
စိန်ရောင်ခြည် စာသင်ကျောင်းက ကလေး ၅၀ ကျော် ရာသီတုပ်ကွေးဖြစ်ပွား၊ ဆေးဝါးအကူအညီ လိုအပ်
Donate to DVB

ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ စိန်ရောင်ခြည် အလယ်တန်းကျောင်းက ကလေးငယ် အယောက် ၅၀ ကျော်ဟာ ဆောင်းရာသီကာလ ရာသီဥတုအပြောင်းအလဲကြောင့်  ဖျားနာတာတွေ ရှိနေပါတယ်။

စာသင်ကျောင်းက Kg ကနေ Grade 9 အထိ ဖွင့်လှစ်ထားတဲ့ အလယ်တန်းကျောင်းဖြစ်ပြီး ကျောင်းသားအရေအတွက် ၁၂၉ ကို ဆရာ၊ ဆရာမ ၁၁ ယောက်က ပညာသင်ကြားပေးနေကာ ဆရာတွေ အပါအဝင် ကျောင်းသား  အယောက် ၅၀ ကျော်က ရာသီတုပ်ကွေးဖြစ်နေတယ်လို့ သိရပါတယ်။

ကျောင်းဆရာ ကိုရီးရယ်က “တချို့ရက် ကျောင်းပိတ်ပေးရတာပေါ့နော်။ တအားအေးတော့လေ နောက်မိုးကလည်း ဆက်တိုက်ရွာတဲ့အချိန်က အဆင်မပြေဘူး။ ကျနော်တို့ကိုယ်တိုင်တောင်မှ ဖျားတယ်။ တချို့ရက်ဆိုရင် ကလေးတွေ နှစ်ယောက် သုံးယောက်ပဲ လာတော့တာရှိတယ်” လို့ ပြောပါတယ်။

ကလေးငယ်တွေက ညနေပိုင်းတွေမှာ ကိုယ်ပူလာပြီး ချောင်းဆိုးတာ၊ ချမ်းတုန်တာတွေနဲ့ ကိုယ်လက်ကိုက်ခဲတာတွေအပြင် ယားယံတာတွေပါ ဖြစ်နေပြီး အာဟာရပြည့်ဝမှုလည်း မရှိတဲ့အတွက် လမ်းလျှောက်တဲ့အခါမှာ ခေါင်းမူးသွားတာတွေလည်း ရှိနေပါတယ်။

စာသင်ကျောင်းမှာ အနီးအနား စစ်ရှောင်စခန်း ၃၊ ၄ ခုက ကလေးငယ်တွေ လာရောက် ပညာသင်ကြားနေကြကာ မိဘကနေ သားသမီးကို ကူးတာတွေ၊ ကျောင်းသားအချင်းချင်း ကူးတာတွေကြောင့် အမြစ်ပြတ်ပျောက်ကင်းတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

ကျောင်းဆရာမ ဒေါ်ရိုစီက “တုပ်ကွေးဖြစ်ရင် အနည်းဆုံး တပတ်ခံစားရတယ်။ ကိုယ်ပူတာ ကျရင် တလလောက် ချောင်းဆိုးတာရှိတယ်။ တချို့က တလလုံး ကျောင်းမလာတာလည်း ရှိတယ်။ ကျောင်းရောက်မှ ကိုယ်ပူတဲ့ကလေးတွေလည်း ရှိတော့ အိမ်မှာဆောင်ထားတဲ့ ရှိတဲ့ဆေးနဲ့ တိုက်ရတာပေါ့” လို့ ပြောပါတယ်။

အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ ဆေးဝါးအနေနဲ့လည်း လုံလောက်မှုမရှိတဲ့အတွက် ကိုယ်ပူကျဆေး၊ ချောင်းဆိုး နှာစေးပျောက်ဆေးတွေကို ဆောင်ထားချင်ပေမဲ့ အခုလက်ရှိအချိန်ထိ စာသင်ကျောင်းက ကလေးငယ်တွေအတွက် ဆေးဝါးကုသစောင့်ရှောက်မှု ပေးတဲ့သူတွေ၊ ဆေးဝါးထောက်ပံ့ပေးသူတွေ မရှိသေးဘူးလို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဒီးမော့ဆိုအနောက်ခြမ်းမှာ ဆေးဝါးတင်သွင်းခွင့်တွေကို ပိတ်ပင် ကန့်သတ်ထားတဲ့အတွက်လည်း စစ်ဘေးရှောင်ပြည်သူတွေ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ ဆောင်းရာသီကာလ စောင်နဲ့ အနွေးထည် မလုံလောက်မှုတွေကြောင့် ရာသီတုပ်ကွေးဖြစ်ပွားသူ များပြားနေပြီး စစ်ရှောင်စခန်း ၅ ခုထက်မနည်း ရာသီတုပ်ကွေး ဖြစ်ပွားနေကြတယ်လို့ စစ်ရှောင်အရေး ကူညီပေးသူတွေဆီက သိရပါတယ်။

ကလေးငယ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်တွေဖြစ်တဲ့အတွက် ကောင်းမွန်စွာ ရှင်သန်ကြီးထွားဖို့ လိုအပ်ပေမဲ့ ကရင်နီက စစ်ဘေးရှောင် ကလေးငယ်တွေဟာ စစ်အတွင်းမှာ ရှင်သန်နေရတာကြောင့် အာဟာရချို့တဲ့မှု၊ တကိုယ်ရေသန့်ရှင်း​ရေး အားနည်းမှု၊ နာမကျန်းဖြစ်မှု၊ ပညာရေးပိုင်းအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ ရှင်သန်ကြီးပြင်းနေကြရပါတယ်။

ဒါကြောင့် စစ်ရှောင်အရေးကူညီသူတွေက စိတ်ပိုင်းဆိုင်ရာ ကုထုံးအနေနဲ့ အားကစား ပြုလုပ်ပေးတာ၊ သီချင်းသီဆိုတာ၊ ကခုန်တာတွေ ပြုလုပ်ပေးနေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013