DVB Logo
Home
မြန်မာသတင်း
ILO ဆုံးဖြတ်ချက် ထိရောက်မှုရှိရန် မြန်မာအလုပ်သမားအဖွဲ့များ မျှော်လင့်
DVB
·
November 18, 2024
ILO ဆုံးဖြတ်ချက် ထိရောက်မှုရှိရန် မြန်မာအလုပ်သမားအဖွဲ့များ မျှော်လင့်
Donate to DVB

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ကနေ ချမှတ်ဖို့ရှိနေတဲ့ ဆုံးဖြတ်ချက်က မြန်မာပြည်တွင်းရှိ အခြေခံအလုပ်သမားတွေအတွက် အခွင့်အရေးတွေ ရရှိနိုင်ဖို့ ပိုမိုကောင်းမွန်ထိရောက်တဲ့ ဆုံးဖြတ်ချက်ဖြစ်ဖို့ အလုပ်သမား အဖွဲ့အစည်းတွေက မျှော်လင့်နေကြပါတယ်။

စစ်ကောင်စီကို ဘက်ပေါင်းစုံကနေ ပိတ်ဆို့ ဒဏ်ခတ် အရေးယူဆောင်ရွက်နိုင်မယ့် ဥပဒေပုဒ်မ ၃၃ (Article 33 ) ကို လာမယ့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးကနေ ဆုံးဖြတ်ချက်ချဖို့ ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်းက အခြေခံအလုပ်သမားတွေအနေနဲ့ အခြေခံလုပ်ခလစာ နည်းပါးတာကစလို့ အခြေခံအလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေရတာဖြစ်လို့ ILO က ချမှတ်မယ့် ပုဒ်မ ၃၃ အရ အရေးယူ ဆောင်ရွက်နိုင်မယ်ဆိုရင် အခြေခံအလုပ်သမားတွေအတွက် ကောင်းမွန်တဲ့အလားအလာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ဗဟိုကော်မတီဝင် မစန်းစန်းက ပြောပါတယ်။

“အလုပ်သာ လုပ်နေရတာ၊ မိသားစုကို ပြန်မထောက်ပံ့နိုင်တဲ့ အခြေအနေတွေ ဖြစ်နေတာ၊ ကိုယ့်ဘာသာရပ်တည်ဖို့ အလုပ်လုပ်သလို ဖြစ်နေတာပေါ့။ အချိန်ပို အိုတီဆင်းရတာ ည ၁၁၊ ၁၂ ထိ၊ မိုးလင်းထိ ဆင်းရတာတွေတောင် ပိုက်ဆံမရဘူး၊ အလကားဆင်းရတာ၊ သူတို့တောင်းတဲ့စံချိန် မပြည့်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့နော်။ လုပ်ငန်းခွင်မှာလည်း ကြီးကြပ်သူတွေက သားပြော မယားပြော ဆဲဆိုတာတွေပေါ့။ အဲဒီအတွက်ကြောင့်  အလုပ်သမားတွေက အလုပ်လုပ်နေတာ စိတ်ချမ်းသာ ကိုယ်ချမ်းသာ မဟုတ်ဘဲ ကျွန်ပြုခံနေတာ ဖြစ်နေတာပေါ့။ Article 33 က ချမှတ်လိုက်တယ်ဆိုရင် ဒါတွေက ကောင်းသွားမှာပါ၊ ဒီစိုးရိမ်စိတ်တွေလည်း ပျောက်သွားမှာပါ။”

ILO ရဲ့ ဆုံးဖြတ်ချက်က မြန်မာနိုင်ငံအပေါ်မှာ အဆင့် ၃ ခုနဲ့ သက်ရောက်စေမှာဖြစ်သလို စစ်ကောင်စီကို အရေးယူနိုင်မယ်ဆိုရင် လက်ရှိ တော်လှန်ရေးမှာ အများကြီးထိရောက်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများအဖွဲ့ချုပ် (CTUM) ရဲ့  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မခိုင်ဇာအောင်က ပြောပါတယ်။

“ILO ရဲ့ ဆုံးဖြတ်ချက်က ဘယ်လိုသက်ရောက်မှု ရှိမှာလဲပေါ့၊ ဘယ်အဆင့်တွေမှာလဲဆိုရင် အဆင့် ၃ ဆင့်ရှိတယ်၊ တခုက ILO အဆင့် sanction ပိတ်ဆို့မှုပေါ့၊ အဲဒါက နည်းပညာ အထောက်အပံ့ မပေးဘူးတို့ တခြားမည်သည့်အထောက်အပံ့မှ မပေးဘူးပေါ့။ မပူးပေါင်းဘူးဆိုတဲ့ ILO အဆင့် ရှိမယ်။ နောက်တခုက နိုင်ငံတော်အဆင့် အရေးယူတဲ့ဟာ ဒါကလည်း တခုဖြစ်နိုင်မယ်၊ နောက်တခုက အပြည်ပြည်ဆိုင်ရာအဆင့်၊ ယူအန်တို့ အာဆီယံတို့ ဒေသဆိုင်ရာ အစည်းအဝေးတို့ မည်သည့်ခေါင်းစဉ်နဲ့မဆို လုပ်တဲ့အခါမှာ စစ်တပ်ကို ပူးပေါင်းဆောင်ရွက်ဖို့ မလုပ်မယ့် ၃ ဆင့် ဖြစ်နိုင်ပါတယ်။ ILO ရဲ့ ဆုံးဖြတ်ချက် ပိတ်ဆို့အရေးယူမှုကြောင့် ကျမတို့ စစ်တပ်ကို ပိုပြီး အားနည်းသွားအောင် လုပ်နိုင်မယ်၊ နိုင်ငံရေးအပြောင်းအလဲဖြစ်အောင် ကာလတိုမှာ သွားနိုင်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံကို ကျမတို့ တည်ဆောက်နိုင်မယ်၊ ပြည်သူ့အစိုးရက ကျမတို့ ရနိုင်မယ်ဆိုရင် အလုပ်သမားတွေရဲ့ ဘဝတွေ ပိုပြီးကောင်းလာမယ်၊ အချိန်တိုအတွင်းမှာ ဒါ ကျမတို့ရဲ့ အန္တိမ ရည်ရွယ်ချက် ဖြစ်ပါတယ်။”

ILO ရဲ့ ဆုံးဖြတ်ချက်က မြန်မာနိုင်ငံတွင်း အထည်ချုပ်အလုပ်သမားအပေါ် ဖိနှိပ်နေတဲ့ နာမည်ကျော် အမှတ်တံဆိပ် ကုမ္ပဏီကြီးတွေ အပေါ်မှာလည်း ထိရောက်ဖို့ မျှော်လင့်ကြောင်းကို မြေပြင်မှာ လိုက်လံကူညီဆောင်ရွက်နေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ STUM  ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“မြန်မာပြည်ထဲမှာ ချိုးဖောက်မှုတွေဖြစ်တယ်လို့ ILO ထုတ်ပြန်ချက် ထုတ်ပြန်တာက Brand တွေချုပ်တဲ့ စက်ရုံတွေပေါ့၊ ဒီအထည်ချုပ်စက်ရုံတွေက ချိုးဖောက်တာကိုး။ သူတို့ကိုယ်တိုင်က ပြည်တွင်းထဲမှာ ရှိနေတဲ့အခါကျတော့ ဒါတွေကို လေးစားလိုက်နာမှု မရှိဘူး၊ Brand ဆိုတာ အကျိုးစီးပွားပေါ်မှာ အခြေခံသွားတာကိုး၊ သူတို့အကျိုးစီးပွားကို အထိခိုက်ခံမလား၊ သူတို့အကျိုးစီးပွားကို အထိခိုက်ခံပြီး လူ့အခွင့်အရေး အလုပ်သမား အခွင့်အရေးပေါ်မှာ ရပ်မလားပေါ့၊ တခုတော့ရှိတယ်၊ Brand တွေအခြေစိုက်တဲ့ နိုင်ငံတွေကနေပြီး သူတို့နိုင်ငံ အစိုးရရဲ့ ပေါ်လစီတွေ ဒါတွေ ပြောင်းသွားမလားပေါ့၊ ဥပမာ အမေရိကန်ပေါ့၊ သူတို့အစိုးရရဲ့ ပေါ်လစီက တမျိုးပြောင်းတယ်ဆိုရင် သူတို့အနေနဲ့ ဘယ်လိုမျိုးပြောင်းနိုင်မလဲ ဒါမျိုးတွေတော့ ကျမတို့ စောင့်ကြည့်နေတယ်။”

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်တဲ့အခါ အခြေခံအလုပ်သမားတွေကို နစ်နာစေမယ့် လုပ်ငန်းတွေ ပိတ်သိမ်းတာ၊ နိုင်ငံတွင်းက ထွက်ခွာစေတာ စတဲ့ ဆုံးဖြတ်ချက်မျိုး မဟုတ်ဘဲ စစ်ကောင်စီကို ထိရောက်စေတဲ့ Targeting sanction ပစ်မှတ်ထားပိတ်ဆို့မှုမျိုး လုပ်ဖို့လိုတယ်လို့ ဆက်ပြောပါတယ်။

အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူ ဆောင်ရွက်နိုင်မယ့် အတည်ပြုချက်တရပ်ကို နိုဝင်ဘာ ၆ ရက်က ပြုလုပ်ခဲ့တဲ့ ILO အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးပွဲမှာ အတည်ပြုခဲ့တာပါ။

လာမယ့် ၂၀၂၅ မတ်လနဲ့ ဇွန်လတွေမှာ ပြုလုပ်မယ့် အစည်းအဝေးနဲ့ ညီလာခံမှာတော့ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချမှာလည်း ဖြစ်ပါတယ်၊။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013