ဂျပန်နိုင်ငံ၊ ချီးဘားခရိုင်မှာ ဩဂုတ် ၁၃ ရက်က စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရေကြီးရေလျှံပြီး အနည်းဆုံး လူ ၄ ယောက် သေဆုံးကာ တယောက် ပျောက်ဆုံးနေပြီး အာဏာပိုင်တွေက အမြင့်ဆုံး အရေးပေါ်သတိပေးချက် အဆင့် ၅ အထိ ထုတ်ပြန်ခဲ့ရပါတယ်။
သေဆုံးသူတွေထဲမှာ ရေမြုပ်နေတဲ့ မော်တော်ယာဉ်အတွင်း ပိတ်မိသွားသူတယောက် ပါဝင်ပြီး ချီးဘားခရိုင်မှာ သေဆုံးသွားတဲ့ အမျိုးသား ၂ ယောက်ကိုလည်း ရေဘေးအတွင်း တွေ့ရှိခဲ့တယ်လို့ NHK နဲ့ တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီဖို့ စစ်သားတွေကိုလည်း ဒေသအတွင်း စေလွှတ်ထားပါတယ်။
ဂျပန်မိုးလေဝသအေဂျင်စီ (JMA) ရဲ့ စာရင်းတွေအရ တိုကျိုမြို့တော်နဲ့ ထိစပ်နေတဲ့ ချီးဘား ခရိုင်အတွင်း ၂၄ နာရီအတွင်း မိုးရေချိန် မီလီမီတာ ၃၆၀ ကျော်အထိ ရွာသွန်းခဲ့တာပါ။
ဩဂုတ် ၁၄ ရက် မနက် ၇ နာရီအထိ ချီးဘားမြို့မှာ မိုးရေချိန် ၃၆၇ မီလီမီတာ (၁၄ ဒသမ ၄၄ လက်မ) အထိ ရွာခဲ့တာမို့ ဒါဟာ ဩဂုတ်လ တလလုံး ရွာလေ့ရှိတဲ့ ပျမ်းမျှမိုးရေချိန်ရဲ့ ၃ ဆကျော်အထိ ရှိခဲ့ပါတယ်။
ဒီလို စံချိန်တင် မိုးရွာသွန်းမှုဟာ ဂျပန်ရဲ့ အစည်ကားဆုံး အားလပ်ရက် သီတင်းပတ်နဲ့ တိုက်ဆိုင်နေပြီး လမ်းတွေ၊ ရထားလမ်းတွေ ရေနစ်မြုပ်ခဲ့ကာ ရထားခရီးစဉ်တွေ ဖျက်သိမ်းခြင်းနဲ့ အဝေးပြေးလမ်းမကြီးတွေ ပိတ်ဆို့ခြင်းတို့ ဖြစ်ပေါ်ခဲ့ပါတယ်။
သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် တိုကျို နာရီတာလေဆိပ်မှာ ခရီးသွား ၇,၀၀၀ လောက် သောင်တင်ခဲ့ရပေမဲ့ ဩဂုတ် ၁၄ ရက်မှာတော့ လေယာဉ်ခရီးစဉ်အားလုံး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနိုင်မယ်လို့ လေဆိပ်ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ဒါ့အပြင် တိုကျို လျှပ်စစ်ဓာတ်အားကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ ဒေသစံတော်ချိန် သောကြာနေ့ မနက် ၁၁ နာရီအထိ အိမ်ထောင်စုပေါင်း ၂၂,၀၀၀ ကျော် မီးပြတ်တောက်နေဆဲ ဖြစ်ပါတယ်။
အဆိုးရွားဆုံး ထိခိုက်ခဲ့တဲ့ ချီးဘားမြို့မှာတော့ ကယ်ဆယ်ရေးစခန်းအဖြစ် အသုံးပြုထားတဲ့ အစိုးရအဆောက်အအုံတွေမှာ လူပေါင်း ရာနဲ့ချီပြီး သတ္တုပါးစောင်တွေ ခြုံကာ ညအိပ်ခဲ့ကြရပါတယ်။
Source: Reuters











