
ဝါရင့်စာရေးဆရာကြီး တင်ညွန့်နဲ့ သူ့ရဲ့သားဖြစ်သူအပါအဝင် ၃ ယောက်ကို စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးပြီး ဧပြီ ၂၄ ရက်က သန်လျင်မြို့မ ရဲစခန်းမှာ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ထားတယ်လို့ စာနယ်ဇင်းအသိုက်အဝန်းက သိရပါတယ်။
ဧပြီ ၂၂ ရက် ညပိုင်းက Yie bookshop Tiktok Account ကနေ အမျိုးသမီးတယောက်က ဆရာကြီးတင်ညွန့်ရဲ့ ခွေးထိန်း ငတာ၊ ဗိုလ်ချုပ်တွေကို ကျွန်တော်ညာခဲ့သည်၊ ဦးသန်းရွှေ၏ ယတြာများ စတဲ့ စာအုပ် ၃ အုပ် အပါအဝင် စာအုပ်အများအပြားကို ရောင်းချခဲ့ရာမှ ဖမ်းဆီးခံရတာလို့ စာအုပ်ရောင်းချသူတယောက်က DVB ကို ပြောပါတယ်။
“ဆရာတင်ညွန့်ရဲ့ စာအုပ်တွေ ရောင်းတဲ့အချိန်မှာ မှာတဲ့သူတွေ အရမ်းများတယ်။ အဲ့အချိန် စရဖက သိသွားပြီး အဲ့အမျိုးသမီးကို ၂၃ ရက်မှာ ဖမ်းတယ်၊ အဲဒီအမျိုးသမီး ဖမ်းပြီးမှ ဆရာနဲ့ သူ့သားကို ဖမ်းတာ။”
စစ်တပ်က စာအုပ်ရောင်းချသူ အမျိုးသမီးကို ဖမ်းဆီးပြီးနောက် သန်လျင်မြို့မှာ နေထိုင်တဲ့ ဆရာဦးတင်ညွန်နဲ့ သားဖြစ်သူကို ဖမ်းဆီးပြီး သန်လျင်မြို့မရဲစခန်းမှာ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ထားတယ်လို့ စာရေးဆရာတယောက်က DVB ကို ပြောပါတယ်။
“NLD လက်ထက်မှာ အဲ့စာအုပ်တွေ ထုတ်ဝေကတည်းက စစ်တပ်က အငြိုးထားတာ၊ အခုက စာဖတ်ပရိသတ်တွေက အော်ဒါအမှာတွေ များလာတော့ ဆရာ့ကိုဖမ်းပြီး အဲ့စာအုပ်တွေကို ပိတ်ချင်တဲ့သဘောရှိတယ်။ ဆရာရဲ့သားကို ဖမ်းတာက အဲ့စာအုပ်တွေကို ထုတ်ဝေတဲ့သူဖြစ်မို့လို့။”
ဆရာတင်ညွန့် ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ စစ်အာဏာရှင်ဘက်က လက်ရှိအခြေအနေထိ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
အငြိမ်းစားကျောင်းဆရာကြီးဖြစ်တဲ့ စာရေးဆရာတင်ညွန့်ဟာ လက်ရှိအချိန်ထိဆိုရင် နည်းပညာ၊ နိုင်ငံရေး၊ ပညာရေး၊ ဘာသာရေး၊ ဝတ္တုတို၊ ဝတ္ထုရှည် စာအုပ်ပေါင်း ၅၀ ကျော်ကို ရေးသား ထုတ်ဝေထားပါတယ်။
ဆရာတင်ညွန့်ဟာ ၂၀၁၂ ခုနှစ်မှာ “ဒီမိုကရေစီ ပါရာဒိုင်း” စာအုပ်နဲ့ သုတစွယ်စုံ နိုင်ငံရေးစာပေဆု ရခဲ့ပြီး ၂၀၁၇ ခုနှစ် NLD အစိုးရလက်ထက်မှာ “ကျောင်းဆရာမှတ်တမ်း” နဲ့ အမျိုးသားစာပေဆု ရရှိခဲ့ပါတယ်။
ဆရာကြီးရေးသားခဲ့တဲ့ ‘ရိုးမပေါ်ကျတဲ့မျက်ရည်’ စာအုပ်ကို ရုပ်ရှင်ရိုက်ကူးရာမှာလည်း အောင်မြင်မှု ရရှိခဲ့ပြီး သရုပ်ဆောင်မင်းသား မြင့်မြတ် အကယ်ဒမီဆု ရရှိခဲ့ပါတယ်။










