DVB Logo
Home
မြန်မာသတင်း
ရေဦး-တန့်ဆည်အစပ်ရွာများကို စစ်တပ် မီးရှို့၊ မတ္တရာက ရွာများကို လေကြောင်းတိုက်ခိုက်
DVB
·
November 17, 2024
ရေဦး-တန့်ဆည်အစပ်ရွာများကို စစ်တပ် မီးရှို့၊ မတ္တရာက ရွာများကို လေကြောင်းတိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ရေဦး-တန့်ဆည်အစပ်က ရွာ ၅ ရွာကို ဒီမနက်ကစပြီး စစ်ကြောင်းဝင်ရောက် မီးရှို့နေပြီး မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းက ရွာတွေကိုလည်း ဒီမနက်မှာ စစ်တပ်က လေကြောင်းကနေ လာရောက် ပစ်ခတ်တိုက်ခိုက်သွားပါတယ်။

ရေဦး-တန့်ဆည် အစပ်က ကျေးရွာ ၅ ရွာကို နိုဝင်ဘာ ၁၇ မနက်ကစလို့ စစ်တပ်က စစ်ကြောင်းထိုးပြီး ဆက်တိုက် မီးရှို့ဖျက်ဆီးနေသလို ဒရုန်းတွေသုံးပြီး ဗုံးသီးချတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးဒေသခံတယောက်က “ကျနော်တို့ မနေ့ကတည်းက ရွာကနေ ထွက်ပြေးနေကြရတာဗျ။ သူတို့က ရွာထဲ လူမရှိတဲ့အိမ်ကို မီးရှို့တာလို့ သတင်းတွေ ထွက်နေတာ။ သူတို့ လူမရှိတဲ့အိမ် မီးရှို့တယ်ဆိုတော့ လူတွေရှိရင်လည်း သူတို့က လူလည်း သတ်ဖြတ်တယ်။ မုဒိမ်းလည်း ကျင့်တယ် ဆိုတော့ ဘယ်သူက ရွာထဲ နေရဲမလဲဗျာ။ ရွာတွေကို မီးရှို့တာကတော့  လုံးဝမလုပ်သင့်ပါဘူး” လို့ ပြောပါတယ်။

ရေဦးမြို့နယ်က ရွာဗုကြီးရွာ၊ ကြို့ထိမ်းရွာ၊ မုံတိုင်ပင်ရွာ၊ ဆီဆုံရွာနဲ့ တန့်ဆည်မြို့နယ်က ကလဇင်ရွာတို့ကို မီးရှို့နေတာဖြစ်ပြီး ဒေသခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းတခုရဲ့ တာဝန်ရှိသူက “စစ်ကြောင်းက အင်အားများတယ်။ အင်အား ၁၈၀ ကျော်ပါတယ်ဗျ။ သူတို့က ကျနော်တို့အဖွဲ့တွေနဲ့ တိုက်ပွဲမဖြစ်ဘဲနဲ့ကို ရွာတွေကို မီးရှို့နေတာဗျ။ ဘယ်ကနေလာတဲ့ စစ်ကြောင်းလဲဆိုတော့ ကန့်ဘလူ ၆၀၀၆ ကနေလာတဲ့ စစ်ကြောင်းဖြစ်ပါတယ်။ ရွာတွေ မီးရှို့နေတာကတော့ ကျနော်တို့ ဝင်ရောက်မကြည့်ရသေး‌တော့ ပျက်စီး မီးလောင်တဲ့ အိမ်အရေအတွက် စာရင်းကတော့ ဘာမှမသိရသေးဘူး” လို့ ပြောပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းက ဆောက်ခြုံပေါက်ရွာ၊ မြွေကူးတို့ဆိပ်ရွာ၊ ပိုဝမြောက်ရွာ၊ ငယ်တိုးရွာ စတဲ့ရွာတွေကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌နိုဝင်ဘာ ၁၇ ရက် ဒီနေ့ မနက်ပိုင်းမှာ မုံရွာ နမခ ကနေ လာတဲ့ Mi 35 ရဟတ်ယာဉ်၊ မိတ္ထီလာမြို့ ရှမ်းတဲလေတပ်က‌နေလာတဲ့ ဂျက်ဖိုက်တာတို့နဲ့ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငယ်တိုးရွာဒေသခံတယောက်က “ကျမတို့ ရွာသူရွာသားတွေက ၉ လပိုင်း ၂၁ ရက်နေ့ကတည်းက ရွာတွေကနေ ထွက်ပြေးနေကြရတယ်။ ဒီနေ့ လာပစ်တာက ရွာအနီးတွေကို ပတ်ပစ်နေတာကိုပဲ အဝေးကနေ မြင်နေရတယ်။ အခုတော့ ကျမတို့က ရွာကနေ ထွက်ပြေးလာတော့ ရွာထဲဖြစ်တဲ့ အဖြစ်ပျက်ကိုတော့ ဘာမှမသိရသေးဘူး။ ရွာတွေက လူမနေကြတာ ၂ လ ကျော်ကြာနေပြီလေ။ ရွာပျက်ကြီးတွေလို ဖြစ်နေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက မြွေကးတို့ဆိပ်ရွာ၊ ပိုဝမြောက်ရွာ၊ ငယ်တိုးရွာနဲ့ ဆောက်ခြုံ‌ပေါက်ရွာတို့ကို စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်‌နေတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်တာအပြင် မတ္တရာမြို့ ဘောလုံးကွင်းအတွင်းကနေ ဟောင်ဝှစ်ဇာ လက်နက်ကြီးများနဲ့ပါ ပစ်နေတယ်လို့ သိရပါတယ်။

မတ္တရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတယောက်က  “နိုဝင်ဘာ ၁၆ ရက်နေ့မနက်ခင်း ၆ နာရီလောက်က မြွေကူးတို့ဆိပ်ရွာအနီးကို စစ်ကြောင်း ၂ ကြောင်းနဲ့ ခွဲထိုးလာတယ်။ အဲဒီမှာ နှစ်ဖက်ထိတွေ့မှု တိုက်ပွဲစဖြစ်ကြတယ်ဗျ။ နောက်ထပ်စစ်ကြောင်းက ပိုဝမြောက်ရွာ ဘက်ကလည်း စစ်ကြောင်းတကြောင်း စထိုးတယ်။ အဲဒီစစ်ကြောင်းနဲ့လည်း နှစ်ဖက်ထိတွေ့မှု ဖြစ်ကြသေးတယ်။ ဒီနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မနက်ခင်းမှာ ပိုဝမြောက်ရွာကနေ ထပ်ပြီးစစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းနဲ့ထပ်ပြီး တိုက်ပွဲဖြစ်တယ်။ အဲဒီအချိန်မှာ စကစဘက်က အကျအဆုံးများလို့နေမယ်ဗျ။ အခုလည်း ဝေဟင်မှာ နောက်ထပ်တစီး ပျံဝဲနေတုန်းဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က မတ္တရာမြို့နယ်အတွင်းမှာ လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေ ပြန်လည်ရယူနိုင်ဖို့ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေ သုံးပြီး မြေပြင်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013