DVB Logo
Home
မြန်မာသတင်း
PDF လူငယ်များအကြောင်း ဖြစ်ရပ်မှန်ရုပ်ရှင်အထူးပွဲ မယ်ရီလန်းတွင်ပြသ
DVB
·
November 17, 2024
PDF လူငယ်များအကြောင်း ဖြစ်ရပ်မှန်ရုပ်ရှင်အထူးပွဲ မယ်ရီလန်းတွင်ပြသ
1 / 4
Donate to DVB

အမေရိကန်နိုင်ငံ၊ မယ်ရီလန်းပြည်နယ်မှာ ပြသခဲ့တဲ့ PDF လူငယ်တွေအကြောင်း ဖြစ်ရပ်မှန် Zoomers ရုပ်ရှင်အထူးပွဲကနေ တော်လှန်ရေးရန်ပုံငွေ ဒေါ်လာ ၁၂,၀၀၀ ရရှိခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ဒေသစံတော်ချိန် နိုဝင်ဘာ ၁၆ ရက်နေ့မွန်းလွဲပိုင်းက မယ်ရီလန်းပြည်နယ်မှာ Zoomers ရုပ်ရှင်အထူးပွဲနဲ့ ရန်ပုံငွေဈေးရောင်းပွဲပြုလုပ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုအတွင်း ပြသခဲ့တဲ့ ပွဲတွေကနေ စုစုပေါင်းရန်ပုံငွေ ဒေါ်လာ ၅၀,၀၀၀ ဝန်းကျင်ရရှိထားတယ်လို့ ရုပ်ရှင်ဒါရိုက်တာက ပြောပါတယ်။

Zoomers ရုပ်ရှင်ကို မြန်မာ-ထိုင်းနယ်စပ်မှာရိုက်ကူးခဲ့ပြီး PDF လူငယ်တွေကိုယ်တိုင် ပါဝင် သရုပ်ဆောင်ထားတာပါ။

ဒါရိုက်တာနဲ့ ပရိုဂျူဆာဖြစ်သူ ဒိုင်လန်ချောင်က “ကျနော်က အဓိကတော့ ဟောလိဝုဒ်မှာ မှတ်တမ်းရုပ်ရှင်တွေရိုက်တယ်၊ ဂီတဗီဒီယိုတွေရိုက်တယ်ပေါ့နော်။ ဒီတော်လှန်ရေး ကာလမှာကျတော့ ကျနော် ပုံမှန်မှတ်တမ်းရုပ်ရှင်တွေ ဂီတဗီဒီယိုတွေမရိုက်တော့ပါဘူး။ ကျနော်တို့ LA မှာဆိုရင် Down Town LA တို့ Center Monica တို့ ဟောလိဝုဒ်မှာဆိုရင် ကျနော်တို့ ဆန္ဒပြကြတယ်။ ဒီဆန္ဒပြတဲ့အချိန်မှာ မှတ်တမ်းရုပ်ရှင်အနေနဲ့ ကျနော် ဗီဒီယိုကာဗာတွေလိုက်ရိုက်ပေးတယ်ပေါ့။ တချိန်တည်းမှာလည်း နိုင်ငံတကာရဲ့ သိနားလည်မှုရအောင်လို့ ဒီရုပ်ရှင်ကိုရိုက်ဖို့ ကျနော် ဆုံးဖြတ်ခဲ့တယ်။ ဆုံးဖြတ်တဲ့အခါမှာလည်း ဒီဇာတ်လမ်းကို မြန်မာပြည်မှာနေတဲ့ သူငယ်ချင်းက တကယ့်ဖြစ်ရပ်မှန်တွေကို မြေပြင်မှာ တကယ်လှုပ်ရှားနေတဲ့ ကလေးတွေနဲ့ အင်တာဗျူးတွေ မေးပြီးမှ ဒီဇာတ်လမ်းကို ၂ နှစ် ပြင်ဆင် ရေးယူပြီးမှရိုက်ထားတဲ့ဇာတ်လမ်းလေး ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြန်မာ့ပြည်တွင်းရေး အခြေအနေတွေအကြောင်း နိုင်ငံတကာအစိုးရနဲ့ပြည်သူတွေကို သတင်းစကားပေးဖို့ရည်ရွယ်တဲ့ Zoomers ရုပ်ရှင်ကို ကမ္ဘာ့နိုင်ငံပေါင်း ၁၂ နိုင်ငံမှာပြသနိုင်ခဲ့ပြီး မြန်မာ့နွေဦးတော်လှန်ရေး အကြောင်းအရာနဲ့ အနုပညာဖော်ပြချက်တွေ ကောင်းမွန်တာကြောင့် ရုပ်ရှင်ပွဲတော်တွေကပေးတဲ့ ဆုပေါင်း ၁၁ ခုအထိ  ရရှိထားပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး ဦးမိုးဇော်ဦးက “အနုပညာလက်နက်ဆိုတာလည်း အင်မတန်မှ ထိရောက်တဲ့ လက်နက်တခု ဖြစ်ပါတယ်။ ဒီလက်နက်နဲ့ ကျနော်တို့ အာဏာရှင်တွေကို တိုက်ပွဲဝင်လို့ရပါတယ်။ တိုက်ပွဲဝင်နေကြပါတယ်။ အခုလည်းပဲ ဒါ အနုပညာလက်နက်၊ ကျနော်တို့ သတင်းစကားပေါ့၊ နိုင်ငံတကာကိုပေးချင်တဲ့သတင်းစကားတွေကို ဖြန့်ဝေနိုင်မှာဖြစ်တဲ့အတွက်ကြောင့် ကျနော် တိုက်တွန်းချင်တာတော့ ဒီသတင်းစကားတွေကို ကျနော်တို့ထပ်ပြီးတော့ ဖြန့်ဝေပေးနိုင်ဖို့ မျှော်လင့်ကြောင်းလေးပဲ ကျနော်ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ရုပ်ရှင်ပြပွဲမှာ ပြည်ပရောက်အဆိုတော်တွေက တော်လှန်ရေးသီချင်းတွေနဲ့ဖျော်ဖြေခဲ့ပြီး ရန်ပုံငွေ ရရှိရေးအတွက် ရုပ်ရှင်အမှတ်တရပစ္စည်းတွေကိုလည်း လေလံတင်ရောင်းချခဲ့ပါတယ်။

ပွဲစီစဉ်သူ ဒေါက်တာထွန်းဝေကလည်း ဒီရုပ်ရှင်ကနေ ရလာတဲ့အကျိုးအမြတ်အားလုံးကို မြေပြင်မှာ တကယ်တိုက်ပွဲဝင်နေတဲ့ PDF တွေ၊ လူငယ်တွေ အားလုံးကို အပြည့်အဝ လှူဒါန်းမယ်လို့ ပြောပါတယ်။

ရုပ်ရှင်ပြပွဲအပြီးမှာ ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ PDF လူငယ်တွေနဲ့ အမေရိကန်ရောက်မြန်မာတွေ အွန်လိုင်းကနေတဆင့် အပြန်အလှန်မေးခွန်းမေးမြန်း ဆွေးနွေးတာတွေလည်း ပြုလုပ်ခဲ့ပြီး မြေပြင်က PDF တွေ ကြုံတွေ့နေရတဲ့ အခြေအနေမှန်တွေနဲ့ လိုအပ်ချက်တွေကို PDF လူငယ်တွေက ရှင်းလင်းပြောဆိုခဲ့ပြီး လိုအပ်ချက်တွေကို ကူညီလှူဒါန်းပေးဖို့ မေတ္တာရပ်ခံခဲ့ကြပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013