
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့က စစ်ကောင်စီတပ်အထိုင်စခန်းတခုကို တော်လှန်ရေး တပ်ပေါင်းစုတွေက နိုဝင်ဘာ ၁၅ ရက်နေ့ မနက်မှာ ဝင်ရောက်စီးနင်းသိမ်းပိုက်နိုင်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းရဲ့ ပြန်ကြားရေး တာဝန်ခံတယောက်က “ဆင်ဖြူကျွန်းမြို့နဲ့ဆိုရင် ၁ မိုင်လောက်ပဲဝေးတဲ့ ဆုတ်လေဦးလမ်းဆုံ စစ်တပ်အထိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။ ကျနော်တို့သိရသလောက်တော့ အဲဒီစခန်းမှာ စစ်သားနဲ့ပျူ ၄၀ ဝန်းကျင်လောက်ရှိတယ်။ စခန်းသိမ်းက မနက် ၆ နာရီလောက်ကစတာ ၁ နာရီနီးပါးလောက်ကြာခဲ့ပါတယ်” လို့ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်းကနေ MA1 သေနတ် ၂ လက်၊ MA3 သေနတ် ၁ လက်နဲ့ RPG အဖူးတွေ အပါအဝင် ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။
မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းရဲ့ တာဝန်ခံတယောက်က “တိုက်ပွဲထဲမှာ သူတို့ဘက်က ၁၃ ယောက် လောက်သေတယ်ဗျ။ ကျန်တဲ့ကောင်တွေကတော့ ဆင်ဖြူကျွန်းဘက်ကိုထွက်ပြေးသွားကြတယ်။ ထွက်ပြေးသွားကြတဲ့ကောင်တွေထဲမှာ ဒဏ်ရာရသူတွေလည်းပါတယ်။ လမ်းမှာထပ်သေတယ်လို့လည်း သိရတယ်။ သူတို့စခန်းမှာကျန်နေခဲ့တဲ့ လက်နက်ခဲယမ်းတွေကိုသိမ်းခဲ့ပြီးတော့ ဘန်ကာနဲ့ အဆောက်အဦတွေကိုတော့ ဖျက်ဆီးခဲ့တယ်” လို့ DVB ကို ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်းမှာ တော်လှန်ရေးတပ်ပေါင်းစုတွေဘက်က ထိခိုက်ဒဏ်ရာရရှိသူမရှိဘဲ နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်ပြီး ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။
အဲဒီ စခန်းသိမ်းတိုက်ပွဲကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ အမှတ် ၅ တပ်ရင်း၊ မိုးကြိုးပြောက်ကျား တပ်ဖွဲ့တို့နဲ့အတူ ဒေါင်းစစ်အောင် (LPDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။