DVB Logo
Home
မြန်မာသတင်း
PNO ပြည်သူ့စစ်အတွက် ထမင်းပို့ရင်း မိုင်းနင်း သေဆုံးသူရှိသော်လည်း ဆက်ပို့နေရ
DVB
·
November 17, 2024
PNO ပြည်သူ့စစ်အတွက် ထမင်းပို့ရင်း မိုင်းနင်း သေဆုံးသူရှိသော်လည်း ဆက်ပို့နေရ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ထဲမှာ PNO ပြည်သူ့စစ်အတွက် ထမင်းပို့ရင်း မိုင်းနင်းမိလို့ သေဆုံးသူရှိခဲ့ပေမဲ့ ဆက်ပို့ခိုင်းနေတာကြောင့် စိုးရိမ်စိတ်နဲ့ပဲ ဆက်ပို့နေရတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။

စံကားဒေသ၊ လင်လန်ကျေးရွာအုပ်စု၊ ထီဟမ်းတားရွာ တောင်ပေါ်မှာ တပ်စွဲထားတဲ့ PNO ပြည်သူ့စစ်အတွက် ရွာသားတွေက နေ့တိုင်း ထမင်းထုပ်ပို့ပေးနေရတာဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက်နေ့က အသက် ၁၄ နှစ်အရွယ် ကလေးတယောက် ထမင်းပို့ရင်း မိုင်းနင်းမိလို့ သေဆုံးခဲ့ရပါတယ်။

အဲဒီနေ့က ထမင်းထုပ်ပို့ဖို့အတွက် ဦးခွန်ဆောင် မိသားစုက အလှည့်ကျပြီး အဖေဖြစ်သူ မအားလို့ သားဖြစ်သူ အသက် ၁၄ နှစ်အရွယ် ခွန်ပန်းခိုင်က ဆိုင်ကယ်နဲ့ သွားပို့ရင်း PNO ပြည်သူ့စစ် စခန်းမရောက်ခင် အပြင်ဘက်မှာ မိုင်းနင်းမိပြီး ပွဲချင်းပြီး သေဆုံးခဲ့ရတာပါ။

ဒေသခံရွာသားတယောက်က “PNO က သူတို့ ဘယ်နေရာမှာ မိုင်းမြှုပ်ထားတယ် ဆိုတာလည်း မပြောဘူး။ အမှတ်အသားလည်း မလုပ်ထားဘူး။ ရွာသားတွေကိုလည်း ထမင်း နေ့တိုင်း ပို့ခိုင်းတယ်။ ခုဆို ထမင်းသွားပို့တဲ့သူဆို နင်းမိမှာ အရမ်းကြောက်နေကြတာ။ မပို့ရင်လည်း PNO အမိန့်နဲ့ခိုင်းတော့ ကြောက်နေကြတယ်” လို့ ပြောပါတယ်။

ထီဟမ်းတားရွာသားတွေက PNO ပြည်သူ့စစ်အတွက် ထမင်းပို့ပေးနေရတာ ၆ လရှိနေပြီလို့လည်း ပြောပါတယ်။

လင်လန်ကျေးရွာအုပ်စုမှာရှိတဲ့ ကျေးရွာတွေအားလုံးက တရက်ကို အိမ်ခြေ ၃၀ က ထမင်းထုပ် ၄ ထုပ်စီ ပြည်သူ့စစ်တွေအတွက် ထမင်းပို့ပေးဖို့ အဓမ္မခိုင်းစေထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် တောင်ယာခြံတွေထဲမှာလည်း PNO ပြည်သူ့စစ်က မိုင်းတွေမြှုပ်ထားလို့ ရွာသားတွေဟာ ခြံတွေထဲသွားဖို့ မရဲကြဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

လင်လန်ကျေးရွာအုပ်စုမှာ PNO ပြည်သူ့စစ်ကို ထမင်းထုပ်ပို့ပေးရတဲ့အပြင် ရွာသားတွေကို စစ်ယူနီဖောင်းနဲ့ သေနတ်ပေးပြီး ထီရီးကျေးရွာက PNO ဂိတ်၊ မှော်ဘီဂိတ်တို့မှာလည်း အလှည့်ကျ ကင်းစောင့်ခိုင်းသေးတယ်လို့ ဆိုပါတယ်။

ဆီဆိုင်၊ တောင်ကြီး၊ ပင်လောင်းမြို့နယ်တို့မှာလည်း PNO ပြည်သူ့စစ်တွေအတွက် နေ့တိုင်း ထမင်းပို့ပေးနေရပြီး တရက်ကို ဆန် ၃ တင်းလောက် ချက်ရသလို ဟင်းကောင်းနဲ့တနပ်ပါအောင် ချက်ပေးရတာကြောင့် ကုန်ဈေးနှုန်းကြီးမြင့်နေချိန် အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013