DVB Logo
Home
မြန်မာသတင်း
စစ်တပ် လက်နက်ကြီးကြောင့် ဂန့်ဂေါပြည်သူ ၅ ဦးဒဏ်ရာရ၊ ပခုက္ကူက စစ်တပ်ဂိတ် တိုက်ခိုက်ခံရ
DVB
·
November 17, 2024
စစ်တပ် လက်နက်ကြီးကြောင့် ဂန့်ဂေါပြည်သူ ၅ ဦးဒဏ်ရာရ၊ ပခုက္ကူက စစ်တပ်ဂိတ် တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၅ ယောက် ထိခိုက်ဒဏ်ရာရပြီး ပခုက္ကူမြို့နယ်မှာတော့ အရှေ့ချောက်ကန်ကျေးရွာဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဂန့်ဂေါမြို့နယ်မှာ နိုဝင်ဘာ ၁၆ ရက်နေ့ ညနေ ၃ နာရီလောက်က စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၅ ယောက် ဒဏ်ရာရပြီး နေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “ခလရ ၅၀ တပ်ရင်းထဲကနေ ၁၀ ချက်လောက် ပစ်နေတာ။ ဇဟောရွာကပြည်သူ ၅ ဦး ဒဏ်ရာထားတယ်။ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးပါ။ အဲထဲက အမျိုးသမီး ၁ ဦးက စိုးရိမ်ရတယ်။ ပျက်စီးကုန်တဲ့အိမ်တွေအရေအတွက်ကတော့ စုံစမ်းနေတုန်းပဲရှိပါသေးတယ်” လို့ ပြောပါတယ်။

ဂန့်ဂေါမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခလရ ၅၀ ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ဇဟောကျေးရွာ၊ စိန်ဒူးကျေးရွာနဲ့ ရွာစည်ကျေးရွာဘက်ကို ကျရောက်ပေါက်ကွဲခဲ့တာ​ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီကျေးရွာတွေကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူအများစုဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာ နှစ်ချီကြာမြင့်နေပြီလို့လည်း သိရပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီနေသူတယောက်က “ဇဟောတို့၊ ရွာစည်တို့ အဲဒီရွာတွေက စစ်တပ်က လက်နက်ကြီးတွေနဲ့ မကြာခဏအပစ်ခံနေရတာ။ တိုက်ပွဲမရှိလည်း အသားလွတ်ပစ်နေတာပဲ။ အဲဒါကြောင့် ရွာသားတွေထွက်ပြေးနေကြရတာ နှစ်ချီနေပြီ။ သူတို့ရွာသားတချို့ကတော့ စစ်ဘေးရှောင်နေရတဲ့နေရာတွေကနေ သူတို့ရွာကိုခဏတဖြုတ်သွားလိုက်ပြန်လိုက်ပေါ့။ သူတို့တွေရဲ့ လယ်ယာလုပ်ငန်းကလည်းရှိနေသေးတော့ အဝေးကြီးလည်းပြေးမရကြဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဇဟောကျေးရွာနဲ့ ရွာစည်ကျေးရွာ အပါအဝင် သူတို့ မစိုးမိုးနိုင်တော့တဲ့ ရွာတွေကို လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်နေပြီး ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းနဲ့ ပျူစောထီးတွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ဇဟောကျေးရွာက အမျိုးသား ၁ ယောက် သေဆုံးခဲ့သလို အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသေးတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျေးရွာဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို နိုဝင်ဘာ ၁၅ ရက် မှာ Young Force UG နဲ့ မဟာမိတ်အဖွဲ့တွေပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အရှေ့ချောက်ကန်ကျေးရွာအထွက်က စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်၊ ၄၀ မမ တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ Young Force UG က တာဝန်ရှိသူက ပြောပါတယ်။

“ထိတွေ့မှု မိနစ် ၃၀ လောက်ကြာတယ်။ သူတို့ဘက်ကလည်း လနငယ်၊ ၄၀ တွေ ပြန်ပစ်တယ်၊ စစ်တပ်စခန်းကို ပြောက်ကျား ဝင်တိုက်ခိုက်ခဲ့တာပါ” လို့ သူက ပြောပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ချိန် မိနစ် ၃၀ ကျော်ကြာခဲ့သလို  ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဘက်က အနည်းငယ်ထိခိုက်ဒဏ်ရာရသူတွေရှိပြီး စစ်ကောင်စီဘက်က ထိခိုက်မှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ပြောပါတယ်။

နိုဝင်ဘာ ၁၄ ရက်မနက်ပိုင်းကလည်း ပခုက္ကူမြို့နယ်၊ နှောကုန်းရွာက နေအိမ် ၁၈၇ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သလို ပြည်သူ ၃ ယောက်လည်း မီးလောင်သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013