
တောင်အာဖရိကနိုင်ငံ အနောက်မြောက်ပြည်နယ်မှ စတေလ်ဖွန်းတိန်းမြို့ရှိ စွန့်ပစ်သတ္တုမိုင်းတွင်း တခုရဲ့ မြေအောက် ၂ ကီလိုမီတာကျော်အကွာမှာ ရာနဲ့ချီတဲ့ တရားမဝင်မိုင်းလုပ်သားတွေ ပိတ်မိနေကြပြီး တောင်အာဖရိက ရဲဝန်ကြီး ဆန်ဇို အမ်ချူနူက သူတို့ကို ဖြစ်နိုင်သမျှ အကူအညီ တွေပေးမယ်လို့ နိုဝင်ဘာ ၁၅ ရက်မှာ ကတိပြုခဲ့ပါတယ်။
အခု ဒီမှာ စိန်ခေါ်မှုက မိုင်းတွင်းထဲကနေ မြေအောက်ရောက်နေသူတွေကို ထုတ်ယူဖို့က နှေးကွေးတဲ့ လုပ်ငန်းစဉ်ဖြစ်ပြီးတော့ အဲဒီမှာ ရှည်လျားကျဉ်းမြောင်းတဲ့ လမ်းကြောင်းက ၆ ခုရှိပြီး အဲဒီလမ်းကြောင်းမှာက မိုင်းတွေလည်း ရှိနေတာကြောင့် သူတို့ အခုရှိနေတဲ့ နေရာမှာ တဆက်ရှိနေဖို့က အန္တရာယ်များတဲ့အတွက် ပိုပြီးမြန်ဆန်တဲ့ လုပ်ငန်းစဉ်ကို လိုအပ်ပါတယ်လို့ ရဲဝန်ကြီး အမ်ချူနူက ပြောပါတယ်။
အမ်ချူနူရဲ့ ကတိစကားဟာ အစိုးရရဲ့ ရပ်တည်ချက် အပြောင်းအလဲကို အမှတ်အသားပြုပါတယ်။
အခုသီတင်းပတ် အစောပိုင်းက သမ္မတရုံးဝန်ကြီး ခွန်မ်ဘူဒ်ဇို နတ်ရှာဗ်ဟေနီက တရားမဝင် မိုင်းလုပ်သားတွေကို ရာဇ၀တ်ကောင်တွေလို့ သုံးနှုန်းလိုက်ပြီး သူတို့ကို အကူအညီတွေ ပေးမနေဘဲ ဆွဲသာထုတ်လိုက်ဆိုပြီး ပြောကြားခဲ့တာပါ။
ဒါပေမဲ့ သောကြာနေ့က ရဲဝန်ကြီး အမ်ချူနူက အဲဒီနေရာကို သွားရောက်ကြည့်ရှုခဲ့ပြီးနောက်မှာ လက်ရှိအနေအထားကို ဆန့်ကျင်ပြီး မိုင်းတွင်းလုပ်သားတွေ ဘေးကင်းလုံခြုံစွာ ပြန်လာရေး အတွက် ပူးပေါင်းလုပ်ဆောင်ဖို့ ကတိပြုခဲ့တာ ဖြစ်ပါတယ်။
မိုင်းတွင်းလုပ်သားတွေဟာ စွန့်ပစ်မိုင်းတွင်းထဲက ရွှေလက်ကျန်တွေကို ရှာဖွေဖို့ တရားမဝင် ဝင်ရောက်ခဲ့မှုကြောင့် သူတို့ကို ဖမ်းဆီးဖို့ အသည်းအသန် ကြိုးပမ်းနေကြတာဖြစ်ပြီး တောင်အာဖရိကမှာ အဖြစ်များတဲ့ ပြဿနာတရပ်လည်း ဖြစ်ပါတယ်။
တရားမဝင် မိုင်းတွင်းလုပ်သားတွေဟာ သူတို့ကို စားနပ်ရိက္ခာနဲ့ ရေထောက်ပံ့မှုတွေကို ဖြတ်တောက်ပိတ်ဆို့ထားပြီး အပေါ်တက်လာဖို့ ဖိအားပေးနေတဲ့ ရဲတွေနဲ့ ထိပ်တိုက် တွေ့နေရတာပါ။
သတ္တုမိုင်းရဲ့အပြင်ဖက် တွင်းပေါက်ဝမှာလည်း ရဲတပ်ဖွဲ့ဝင်တွေအပြင် တရားမဝင် မိုင်းလုပ်သား တွေရဲ့ မိသားစုတွေလည်း စုရုံးရောက်ရှိနေကြပြီး မြေအောက်ကနေ ထွက်ပေါ်လာရင် စက်သီးနဲ့ ဆွဲထုတ်နိုင်ဖို့ ကျောက်ဆောင် အဝင်ဝမှာ ရပ်စောင့်နေကြပါတယ်။
မြေအောက်မှာ ရှိနေသူတွေရဲ့ကံကြမ္မာဟာ မရေမရာဖြစ်နေဆဲဖြစ်ပြီး သူတို့ဟာ ဒေါင်လိုက် ပိတ်မိနေကြတဲ့ လမ်းကြောင်းကနေ ရုန်းထွက် လွတ်မြောက်နိုင်ခြင်း ရှိ၊ မရှိ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။
လတ်တလော သီတင်းပတ်တွေအတွင်း တရားမဝင်မိုင်းလုပ်သား ၁၀၀၀ ကျော်ကို ရဲတပ်ဖွဲ့က နှိမ်နင်းခဲ့ပြီး အနည်းဆုံး လူသေအလောင်း တလောင်းကို တွေ့ရှိထားပါတယ်။
အချိန်တိုအတွင်း ဖောက်ထွင်းမှုတွေနဲ့ ရာဇ၀တ်ကွန်ရက်တွေကနေတဆင့် တရားမဝင် တူးဖော်မှုတွေဟာ တောင်အာဖရိကကို ဆယ်စုနှစ်ချီ အနှောင့်အယှက် ပေးနေတာဖြစ်ပြီး ဒီလို မိုင်းတွင်းဟောင်းတွေကို ဖောက်ထွင်းဝင်ရောက်ပြီး အန္တရာယ်ရှိတဲ့ အလုပ်တွေကို လုပ်ကိုင်ကြသူ တွေဟာ ဇင်ဘာဘွေ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေမှ ရွှေ့ပြောင်းနေထိုင်သူတွေ ဖြစ်ကြပါတယ်။
Source-Reuters










