DVB Logo
Home
မြန်မာသတင်း
နွေဦးဖွံ့ဖြိုးရေးဘဏ်အစုရှယ်ယာ ၂၄ နာရီအတွင်း ဒေါ်လာ ၂ သန်းကျော်ဖိုးရောင်းရ
DVB
·
November 16, 2024
နွေဦးဖွံ့ဖြိုးရေးဘဏ်အစုရှယ်ယာ ၂၄ နာရီအတွင်း ဒေါ်လာ ၂ သန်းကျော်ဖိုးရောင်းရ
Donate to DVB

နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) ရဲ့ အစုရှယ်ယာတွေကို ဒုတိယအကြိမ်ရောင်းချနေပြီး ၂၄ နာရီအတွင်းမှာပဲ ဒေါ်လာ ၂ သန်းကျော်ဖိုး ရောင်းချခဲ့ရပါတယ်။

၁၅ လတာကာလအတွင်း အသုံးပြုသူပေါင်း ၁ သိန်း ၃သောင်းကျော်ရှိပြီး ငွေကြေးစီမံခန့်ခွဲမှု အမေရိကန်ဒေါ်လာ သန်း ၂၀ အထိရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) ဟာ အစုရှယ်ယာ ၄ ရာခိုင်နှုန်းကို ထပ်မံရောင်းချနေတာဖြစ်ပါတယ်။

SDB က ရှယ်ယာတိုကင်တွေကို နိုဝင်ဘာ ၁၅ ရက်နေ့ကနေ ဒီဇင်ဘာ ၅ ရက်နေ့အထိ ရောင်းချသွားမှာဖြစ်ပြီး တိုကင်တခုကို ဒေါ်လာ ၀ ဒသမ ၀၀၂၅ တန်ဖိုးနဲ့ အနည်းဆုံးတန်ဖိုး ၁၀ ဒေါ်လာက စတင်ပြီး ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

SDB ABS ဌာနရဲ့ အကြီးအကဲ ကိုMerlin က “ဒီအတိုင်းပဲ Donate လုပ် (လှူဒါန်း) နေရတဲ့ အခြေအနေမှာဆိုရင် တော်တော်ပင်ပန်းလာကြပြီပေါ့နော်၊ တော်လှန်ပြည်သူတွေ လှူဒါန်းလာရတာ၊ အခုဆိုရင် donation ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မရှိတော့ဘူး။ Donation ပုံစံနဲ့ အလှူခံတာမဟုတ်တော့ဘူး။ ရင်းနှီးမြှုပ်နှံမှု ဖြစ်သွားပြီ။ ရင်းနှီးမြှုပ်နှံမှု ဖြစ်သွားတော့ သူမြှုပ်နှံလိုက်တဲ့ amount က တချိန်ချိန်မှာ သူ့ကို ပိုပြီးတော့အကျိုးပြုမယ့် အခြေအနေ ဖြစ်သွားတာပေါ့နော်။ ပိုပြီးတော့ ပြန်ပြီးတော့ရနိုင်မယ့် အခြေအနေဖြစ်သွားတယ်။ အဲမှာမှ ပုံစံမျိုးစုံ ဖြစ်သွားတယ်။ အခု exchange listing မှာတင် ပြန်ထုတ်မလား။ ဒါမှမဟုတ် တော်လှန်ရေး ပြီးသွားတဲ့အထိကိုကိုင်ထားပြီး တော်လှန်ရေးပြီးသွားမှ ပြန်ထုတ်မလား၊ ဒီလိုတောင် သူ့မှာ စဉ်းစားစရာတွေ option တွေ ရသွားတယ်။ exchange listing ပြီးပြီးချင်း ပြန်ထုတ်ရင်တောင် ကျနော်တို့ မှန်းထားတာတော့ ၂ ဆလောက်ထိတော့ သွားနိုင်တယ်လို့ မှန်းထားတယ်။ ဒါမှမဟုတ် လုံးဝ တော်လှန်ရေးပြီးမှသွားမယ်ဆိုရင် သူ့ရဲ့ ငွေက ၁၀ ဆ အသာလေး ဖြစ်သွားနိုင်တဲ့ ပမာဏ တခုလို့ ကျနော် မှန်းထားတာပေါ့နော်” လို့ ပြောပါတယ်။

ပထမအကြိမ် တိုကင်ရောင်းချတုန်းက ဒေါ်လာ ၁၁ ဒသမ ၈၅ သန်းရောင်းချနိုင်ခဲ့ပြီး အခု ရောင်းချမှုမှာတော့ ဒေါ်လာ ၁၀ သန်း ရရှိဖို့ SDB ဘဏ်က မျှော်မှန်းထားတာပါ။

တိုကင်စတင်ရောင်းချခဲ့ပြီး ဒုတိယမြောက်နေ့ဖြစ်တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့မှာတော့ ဝယ်ယူမှု စုစုပေါင်း ဒေါ်လာ ၂ ဒသမ ၂ သန်းကျော် ရရှိနေပြီ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံရောက် မြန်မာတယောက်ကတော့ တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ဖို့ လိုအပ်တဲ့အချိန်မျိုးမှာ SDB ကို အဓိက အသုံးပြုတယ်လို့ ပြောပါတယ်။

“SDB ဘဏ်အကောင့်ကို ဖေ့စ်ဘွတ်ခ်မှာ အကောင့်ဖွင့်လို့ရပြီလို့ ကြေညာကတည်းက စဖွင့်ခဲ့တာပါ။ အတိအကျ ရက်က ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၂ ရက်ပါ။ ICO 1 တုန်းကလည်း တိုကင်ဝယ်ခဲ့ပါတယ်။ RM ကနေ တဆင့်ရော၊ ကိုယ်တိုင်ရော ဝယ်ခဲ့တာပါ။ အခုလောလောဆယ်တော့ တော်လှန်ရေး ရန်ပုံငွေ ထည့်ဝင်ဖို့လိုအပ်တဲ့အခါမျိုးမှာ SDB ကို အဓိက အသုံးပြုနေပါတယ်”

လက်ရှိမှာ SDB ဘဏ်ကို အသုံးပြုသူပေါင်း ၁ သိန်း ၃ သောင်းကျော်၊ ငွေကြေးအစုစု စီမံခန့်ခွဲမှု အမေရိကန်ဒေါ်လာ သန်း ၂၀ အထိရှိပြီး SDB ရဲ့ ရည်မှန်းချက်တွေထဲကတခုဖြစ်တဲ့ တော်လှန်ရေးအတွက်လိုအပ်နေတဲ့ရန်ပုံငွေကို ဘဏ်ကနေတဆင့်ရှာပေးဖို့ဆိုတဲ့ ရည်ရွယ်ချက် အောင်မြင်တိုးတက်မှုတွေအတွက် ကျေနပ်မိပါတယ်လို့ အလုပ်အမှုဆောင်အရာရှိချုပ် ကယ်လ်ဗင်က ပြောတယ်။

“ကျနော်တို့ ရှယ်ယာတွေရောင်းထုတ်ပြီးတော့ ကူနိုင်ခဲ့သလို ချေးငွေအနေနဲ့လည်း ကူညီနိုင်ခဲ့တယ်။ ဒီထက်မက တော်လှန်ပြည်သူအသိုင်းအဝိုင်း ၁ သိန်း ၃ သောင်းကျော် တော်လှန်ပြည်သူ အကောင့်တွေကနေ ထောက်ပို့နေကြတယ်၊ အချင်းချင်းလည်း အလွှဲအပြောင်း လုပ်ကြတယ်။ ပညာရေးတွေကလည်း အင်စတီကျူးရှင်းတွေကလည်း နွေဦးဘဏ် အကောင့်နဲ့ ပေးတာ လက်ခံနေပြီ။ ကမ္ဘာ့အကြီးဆုံး crypto exchange တွေကတောင်မှ နွေဦးဘဏ်ကို officially အသိအမှတ်ပြုပြီးတော့ payment အနေနဲ့ လက်ခံတယ်။ အဲဒီတော့ ကျနော်တို့ အနေနဲ့ကတော့ 9 out of 10 ကိုယ့်ဘာသာကိုယ် အမှတ်ပေးရမယ်ဆိုရင်ပေါ့လေ။ အဲလောက်ကို ကျနော်တို့ တွင်ကျယ်နေပြီ အောင်မြင်နေပြီ ၁၅ လအတွက် အမှတ်ပေးရမယ်ဆိုရင် ၁၀ မှတ်ထဲမှာ ၉ မှတ်ပေါ့လေ”

လက်ရှိမှာတော့ SDB ဘဏ်အကောင့်နဲ့ ချိတ်ဆက်ပြီး SpringBees ဆိုတဲ့ ဂိမ်းကိုလည်း ဖန်တီးထားသလို ဂိမ်းကစားလို့ရတဲ့ Pollen ပွိုင့်တွေကိုစုပြီး ဘဏ်ကရောင်းချတဲ့ တိုကင်တွေ ဒါမှမဟုတ် ငွေသားတွေနဲ့ ပြန်လည် လဲလှယ်နိုင်တယ်လို့လည်း သိရပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013