
နွေဦးဖွံ့ဖြိုးရေးဘဏ်က အစုရှယ်ယာတွေ ရောင်းချပေးတဲ့ ICO round 2 စတင်ပြီး ၇ ရက်မြောက်နေ့မှာ ဘဏ်အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု အသီးသီးရဲ့ စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာ ၄ သန်းကျော် ရရှိခဲ့ပြီလို့ Spring Development Bank က ထုတ်ပြန်ကြေညာပါတယ်။
နိုင်ငံတကာ ငွေကြေး ၁၀ မျိုးနဲ့ ရောင်းချထားရာမှာ အမေရိကန်ဒေါ်လာနဲ့ ၂ ဒသမ ၃ သန်း၊ မြန်မာကျပ်ငွေ သိန်းပေါင်း ၁၀,၀၀၀ ကျော်၊ ဂျပန်ယန်းငွေ ၂၁ သန်း အပြင် စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်နဲ့ ယူရိုငွေကြေးတွေနဲ့လည်း ပါဝင်ပါတယ်။
အဲဒီ အစုရှယ်ရာရောင်းချငွေထဲက အမေရိကန်ဒေါ်လာ ၂ သန်းကို တော်လှန်ရေးလုပ်ငန်းတွေအတွက် ထုတ်နုတ်သုံးစွဲနေတယ်လို့ NUG စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်က သူ့ရဲ့ Facebook စာမျက်နှာမှာ ကြေညာထားပါတယ်။
Spring Development Bank ရဲ့ ICO2 အစုရှယ်ယာရောင်းချမှုကို နိုဝင်ဘာ ၁၅ ရက်ကနေ ဒီဇင်ဘာ ၅ ရက်အထိ သတ်မှတ်ထားပြီး အမေရိကန်ဒေါ်လာ ၁၀ သန်းဖိုး ရောင်းချနိုင်ဖို့ လျာထားတယ်လို့ သိရပါတယ်။