
စစ်အာဏာရှင်အစိုးရဟာ ပြည်တွင်းဘဏ်စနစ်တွေနဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုတွေကတဆင့် တော်လှန်ရေး ထောက်ပံ့ငွေတွေကို အပြင်းအထန် ဖြတ်တောက် ပိတ်ဆို့နေပါတယ်။
ဒီလို ငွေကြေးစောင့်ကြည့် ဖိနှိပ်မှုတွေကြားကနေ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) ဟာ ၃ နှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၄ ဘီလီယံကျော် ငွေလွှဲပြောင်းမှုကို လုံခြုံစွာ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး တော်လှန်ဘဏ္ဍာရေးစနစ်ထက် ပိုမိုကျယ်ပြန့်တဲ့ Financial Ecosystem တခုအဖြစ် တိုးချဲ့ဖို့ ကြိုးပမ်းနေပါတယ်။
၂၀၂၃ ခုနှစ် ဇူလိုင်လမှာ စတင်လည်ပတ်ခဲ့တဲ့ SDB ဟာ တော်လှန်ရေးကာလအတွင်း စစ်အာဏာရှင်အစိုးရရဲ့ ငွေကြေးထိန်းချုပ်မှုနဲ့ အကန့်အသတ်တွေကို ကျော်လွှားနိုင်မဲ့ ဘဏ္ဍာရေးလမ်းကြောင်းတခု တည်ဆောက်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။
၃ နှစ်တာအတွင်း ငွေပေးချေဆောင်ရွက်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၄ ဘီလီယံကျော် ရှိခဲ့တယ်လို့ SDB ဘက်က ထုတ်ပြန်ထားပါတယ်။
SDB တာဝန်ရှိသူကတော့ ဒီပမာဏကို ရောက်ရှိလာဖို့အတွက် အဓိက စိန်ခေါ်မှုဟာ စစ်အာဏာရှင် ဖြတ်တောက်လို့ မရနိုင်တဲ့ ငွေကြေးလမ်းကြောင်းတွေကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ စနစ်တကျ တည်ဆောက်ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
Spring Development Bank (SDB) ရဲ့ Chief Operating Officer Merlin Kane က “main အခက်အခဲကတော့ ကျနော်တို့ကို ဒီ နိုင်ငံတကာမှာ ဒီ model နဲ့ operate လုပ်နိုင်ဖို့ အဲဒီဟာက ကျနော်တို့ရဲ့ main အခက်အခဲတခု ဖြစ်တယ်။ ဒီ model ဆိုတာ ဘာလဲဆိုတော့ ကျနော်တို့ရဲ့ ဒီ SDB က သွားချင်တဲ့ပုံစံက ဒီငွေကြေးလမ်းကြောင်းတွေပေါ့နော်၊ စကစ ဘက်က စစ်ကောင်စီ ဘက်က ကျနော်တို့ကို ဖြတ်တောက်လို့မရတဲ့ ငွေကြေးလမ်းကြောင်းတွေကို ဖန်တီးဖို့။ အဲဒီနေရာမှာ တော်လှန်ရေးကို ထိထိရောက်ရောက်ဖြစ်တဲ့ ငွေကြေးလမ်းကြောင်းတွေ ဖန်တီးနိုင်ဖို့က ဒါ အဓိက ကျနော်တွေ့တဲ့ အခက်အခဲ ဖြစ်နေတယ်” လို့ ပြောပါတယ်။
SDB ရဲ့ ဝန်ဆောင်မှုတွေကို လက်တွေ့ အသုံးပြုနေသူတွေထဲမှာတော့ ငွေလွှဲပြောင်းမှု လုပ်ငန်းတွေကို အများဆုံး အသုံးပြုနေကြတာ ဖြစ်ပါတယ်။
SDB စတင်တည်ထောင်ချိန်ကတည်းက အသုံးပြုလာသူတယောက်ကလည်း နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုနဲ့ ငွေကြေးလဲလှယ်မှုတွေမှာ SDB ကို အဓိက အသုံးပြုနေပုံကို အခုလို ပြောပြထားပါတယ်။
“အဓိကကတော့ဗျာ ကျနော် SDB ကို ဘယ်အချက်တွေ အသုံးပြုလဲဆိုတော့ ငွေလွှဲတာကို အဓိက အသုံးပြုတယ်။ ငွေလွှဲတဲ့နေရာမှာ အဓိက currency ၁၀ မျိုး ရှိတဲ့အခါကျတော့ exchange လုပ်ရတာ လွယ်တယ်ပေါ့နော်။ နောက်ပြီးတော့ နိုင်ငံတကာ overseas transfer တွေမှာလည်း cost မရှိဘူးဆိုတော့ အဲဒါလေးကတော့ အဆင်ပြေဆုံးဖြစ်လို့ ကျနော်လည်း အသုံးပြုတယ်ပေါ့။”
အာဆီယံဒေသတွင်းရဲ့ ပထမဆုံးနဲ့ တခုတည်းသော ခရစ်ပတိုဘဏ် (Crypto Bank) ဖြစ်တဲ့ SDB ဟာ ဘဏ်ဝန်ဆောင်မှုတခုတည်းမှာ ရပ်မနေဘဲ Spring Ecosystem တခုလုံးကို တည်ဆောက်ဖို့ ရည်ရွယ်နေတာပါ။
Spring Zay၊ Spring Institute of Fintech၊ Spring Bee၊ Spring Crowd Fund နဲ့ နွေဦးထီ စတဲ့ လုပ်ငန်းတွေကို SDB နဲ့ ချိတ်ဆက်ပြီး လူထုရဲ့ ငွေကြေး၊ စီးပွားရေးနဲ့ ပညာရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မဲ့ Ecosystem တခု ဖြစ်လာစေဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် အနာဂတ်မှာ ပြည်ပရောက် မြန်မာတွေအတွက် ငွေလွှဲဝန်ဆောင်မှုနဲ့ ငွေစုဆောင်းမှု ဝန်ဆောင်မှုတွေကို တိုးချဲ့ဖို့ စဉ်းစားနေသလို ရွှေကဲ့သို့ ပိုင်ဆိုင်မှုတွေကို အခြေခံတဲ့ ငွေကြေးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့လည်း ပြင်ဆင်နေပါတယ်။
SDB တာဝန်ရှိသူ Merlin Kane ကတော့ တော်လှန်ရေးအတွက် ရေရှည်တည်တံ့တဲ့ Business Model တခု ဖြစ်လာရေး ရည်ရွယ်ချက်ကို အခုလို ရှင်းပြထားပါတယ်။
“SDB ကို သုံးရတဲ့ reason က တော်လှန်ရေးကြောင့် SDB ကို သုံးတယ် ဆိုတဲ့ narrative မဟုတ်တော့ဘဲနဲ့ SDB မှာ ဒီ feature တွေ ရှိလို့ ဒီ ဝန်ဆောင်မှုတွေရှိလို့ ဘယ်မှာမှ မရနိုင်တဲ့ ဝန်ဆောင်မှုမျိုးတွေ ကိုယ့်ကို အကျိုးပြုနိုင်လို့ သုံးတယ်ဆိုတဲ့ narrative ဝန်ဆောင်မှုပေးနိုင်တဲ့ နေရာကို ရောက်ဖို့ သွားရမယ်လို့ မြင်တယ်။ ဒီလို ထပ်ပြီးတော့ ဝန်ဆောင်မှုတွေ ထည့်ခြင်းကနေ ဘာဖြစ်မလဲ ဆိုတော့ ကျနော်တို့မှာ sustainable ဖြစ်တဲ့ ရေရှည်သွားနိုင်တဲ့ business model တခု ထွက်လာမယ်။ အဲဒီ business model တခု ထွက်လာပြီးတော့ ဒီ business ကို run ခြင်းအားဖြင့် ရလာတဲ့ အကျိုးအမြတ်တွေကို ကျနော်တို့ တော်လှန်ရေးကို ပိုပြီးတော့ ထောက်ပံ့နိုင်မယ်။”
SDB ဟာ တော်လှန်ရေးအတွက် ဘဏ္ဍာရေး ထောက်ပံ့မှုတွေကို အစုရှယ်ယာ တိုကင် ICO 1 နဲ့ ICO 2 ရောင်းချမှုတွေကနေ အမေရိကန်ဒေါ်လာ ၂၅ သန်းကျော် ရန်ပုံငွေ ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။
SDB အသုံးပြုသူတွေကတော့ ခရစ်ပတို ငွေကြေးကနေ လဲလှယ်မှုတွေ ပိုမို မြန်ဆန် ချောမွေ့လာဖို့နဲ့ ပြည်ပဘဏ်တွေနဲ့ တိုက်ရိုက် ချိတ်ဆက်နိုင်မဲ့ အခြေအနေတွေကို မျှော်လင့်နေကြပါတယ်။










