DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် လျှပ်စစ်မီးကြိုးခိုးခံရမှုများလာပြီး ရက်ရှည်မီးပြတ်
DVB
·
November 16, 2024
ရန်ကုန်တွင် လျှပ်စစ်မီးကြိုးခိုးခံရမှုများလာပြီး ရက်ရှည်မီးပြတ်
Donate to DVB

ရန်ကုန်မှာ လျှပ်စစ်မီးကြိုးတွေ အခိုးခံရတာများလာတဲ့အတွက် ၃ ရက်ကနေ ၄ ရက်လောက်အထိ လျှပ်စစ်မီးမရတာတွေဖြစ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အောက်တိုဘာလကစပြီး အိမ်သုံးမီးကြိုး၊ လမ်းမီးကြေးကြိုး၊ ဓာတ်အားခွဲရုံတွေရဲ့ မြေစိုက်ကြိုး၊ မြေအောက်ကေဘယ်ကြိုးတွေအထိပါ ခိုးယူခံနေရတာကြောင့် ခိုးယူခံရတဲ့ မီးလိုင်းအလိုက် လျှပ်စစ်မီး ဆိုးဆိုးဝါးဝါးပြတ်ပြီး မြန်မြန်ပြင်ပေးဖို့ ပြည်သူတွေက တောင်းဆိုကြပေမဲ့ ပစ္စည်းမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ငွေတောင်းခံတာတွေပါရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အင်းစိန်မြိုနယ်၊ ကန္နားအလယ်ရပ်ကွက်မှာနေထိုင်သူတယောက်က “မြေအောက်ကြိုးကို ဆက်ထားတဲ့ အဆက်တခုအခိုးခံရတုန်းက လျှပ်စစ်ရုံးကို ပြင်ပေးဖိုတောင်းဆိုတော့ ပစ္စည်းမရှိလို့ ၃ ရက် လောက်တော့ကြာမယ်။ တကယ်လို့ ရပ်ကွက်ကငွေကောက်ပြီး ဝယ်မယ်ဆိုရင်တော့ နာရီဝက်အတွင်းပြင်လို့ရတယ် ပြောတယ်။ အဲဒီပစ္စည်းပြန်ဝယ်ဖို့ ဌာနက ဘတ်ဂျက် ချပေးထားတာ မရှိဘူးဆိုတာမျိုး အကြောင်းပြန်တယ်။ ရပ်ကွက်ကလူတွေကလည်း မထည့်ကြတော့ ၃ ရက်လောက် မီးမရလိုက်တာမျိုးဖြစ်ခဲ့သေးတယ်” လို့ ပြောပါတယ်။

အခုလထဲမှာ နေအိမ်၊ လမ်းမီးကြိုးတွေအပြင် စာသင်ကျောင်း၊ ဝန်ထမ်းအိမ်ရာတွေက လျှပ်စစ်မီးကြိုးတွေပါ ခိုးယူခံနေရတာကြောင့် ခိုးယူခံရတဲ့ ပစ္စည်းအမျိုးအစားအပေါ်မူတည်ပြီး မြို့နယ်လျှပ်စစ်ဌာနတွေအနေနဲ့ ပြန်လည်ပြင်ဆင်ဖို့ အထက်ဌာနအဆင့်ဆင့်ကို တင်ပြရတာတွေကြောင့် ကြန့်ကြာရတာလို့ မြောက်ဥက္ကလာပမြို့နယ် လျှပ်စစ်ဌာနဝန်ထမ်း တယောက်က ပြောပါတယ်။

“ကြိုးရှည်ရင်ရှည်သလောက် ငွေကြေးကုန်ကျမှုက သိန်းနဲ့ချီပြီးရှိပါတယ်။ ဌာနမှာ ပစ္စည်း အဆင်သင့်ရှိတာမျိုးဆိုရင် အကြောင်းကြားလာတာနဲ့ ချက်ချင်း ပြင်ပေးတယ်။ ပစ္စည်းကလည်းမရှိ၊ ငွေကုန်မှာကလည်း သိန်းဂဏန်းလောက်ဆိုရင် ပစ္စည်းချပေးဖို့ အထက်ကိုတင်ရသေးတယ်။ အဲဒီအခါကျ ကြာတာပေါ့။ အဲ့ဒါကြောင့်လည်း မီးမြန်မြန်ပြန်ရချင်တယ်ဆိုရင် ပစ္စည်းဖိုးဝိုင်းထည့်ပြီး ပြင်လိုက်ရင်ပိုပြီး မြန်မယ်ဆိုတဲ့ သဘောလို့တော့ထင်တယ်”

ဒီလို လျှပ်စစ်မီးကြိုးတွေခိုးယူခံရတာများလာတဲ့အတွက် ပျောက်ဆုံးမီးကြိုးတွေနေရာမှာ ABC 35mm 2 ကြိုးတွေနဲ့ ပြန်လည်အစားထိုးနေသလို ဓာတ်တိုင်အဟောင်း၊ ဓာတ်ကြိုးအဟောင်းတွေ နေရာမှာ ပြင်ဆင်လဲလှယ်တာတွေပြုလုပ်ပေးနေတယ်လို့ လျှပ်စစ်ဌာနတွေဆီက သိရပါတယ်။

ဒါ့အပြင် အိမ်မီးကြိုးတွေ၊ လမ်းမီးကြိုးတွေ ခိုးယူမခံရစေရေး၊ ဌာနပိုင်ပစ္စည်းတွေ မပျောက်ဆုံးစေရေးအတွက် ပြည်သူတွေအနေနဲ့ ဌာနနဲ့ ပူးပေါင်းဆောင်ရွက်စေလိုတယ်လို့လည်း အသိပေးနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013