
ကလေးဘဝရဲ့ အိပ်မက်တခုဖြစ်တဲ့ ကမ္ဘာကို စက်ဘီးနဲ့ပတ်ခဲ့တဲ့ တရုတ်စက်ဘီးသမား ဇူဇီဝမ်ရဲ့ ခရီးစဉ်က ပြီးဆုံးခဲ့ပါပြီ။ တိုက်ကြီး ၅ တိုက် နိုင်ငံပေါင်း ၆၂ နိုင်ငံကို စက်ဘီးနဲ့ ၁၂ နှစ်ကြာ ပတ်ခဲ့တဲ့ ဇူဇီဝမ်ဟာ အထုပ်အပိုး အနည်းငယ်နဲ့ ခရီးစဉ်ကို စတင်ခဲ့တာပါ။
အသက် ၃၈ နှစ်အရွယ်ရှိ ဇူဇီဝမ်ဟာ ရှန်ဟိုင်းမြို့ကနေ စတင်ထွက်ခွာခဲ့ပြီး နီပေါ၊ အိန္ဒိယ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုတို့ကို စက်ဘီးစီးခဲ့ပြီးနောက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ယူနန်ပြည်နယ်ကို ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ဇူဇီဝမ်ဟာ ပေကျင်းကနေ ပြင်သစ်နိုင်ငံ ပါရီအထိ ကီလိုမီတာ ၁၅,၅၀၀ ကို စက်ဘီးစီးပြီး အိုလံပစ်ပြိုင်ပွဲ ကြည့်ခဲ့ပါတယ်။ စက်ဘီးစီးပြီး ကမ္ဘာပတ်ဖို့ဆိုတာ ငယ်ဘဝအိပ်မက် ဖြစ်တဲ့အကြောင်း ဇူဇီဝမ်က ပြောပါတယ်။
“အထက်တန်းကျောင်းတက်တုန်းက ကမ္ဘာကြီးက လုံးဝန်းတယ်ဆိုတဲ့ ပထဝီ ပထမဆုံး သင်ခန်းစာကို သင်ခဲ့ရပါတယ်။ ကမ္ဘာကို စက်ဘီးနဲ့ပတ်ဖို့ အဲဒီအချိန်တည်းက ဆန္ဒရှိတယ်ဆိုတာ ပြောခဲ့ပါတယ်။ ဒီစိတ်ကူးက လူတိုင်း လှောင်ရယ်စရာကိစ္စ ဖြစ်ခဲ့ပါတယ်။ လမ်းပေါ်မှာ စက်ဘီးသမားတယောက်အနေနဲ့ တရုတ်နိုင်ငံကို တခြားသူတွေ နားလည်အောင် နည်းနည်းဖြစ်ဖြစ် ကူညီခွင့်ရရင် ကျနော် ဂုဏ်ယူမိမှာပါ။”
ကမ္ဘာကို စက်ဘီးနဲ့ပတ်တဲ့အချိန် တရုတ်လက်ဆောင်ပစ္စည်းတွေ သယ်ဆောင်ပြီး လမ်းမှာတွေ့တဲ့သူတွေကို ပေးဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံအကြောင်းကို ပိုပြီးသိရှိစေချင်တဲ့ မျှော်လင့်ချက်ကြောင့် အခုလို လက်ဆောင်တွေ ပေးဖြစ်တယ်လို့ ဇူဇီဝမ်က ဆိုပါတယ်။
တရုတ်နိုင်ငံအရှေ့ပိုင်း ဂျင်ဇီပြည်နယ်မှာရှိတဲ့ ရူဂျင်မြို့လေးရဲ့ တောင်ပေါ်ရွာလေးမှာ မွေးဖွားခဲ့တဲ့ ဇူဇီဝမ်ဟာ စက်ဘီးဘယ်လိုစီးရလဲဆိုတာ ကိုယ်တိုင်သင်ကြားခဲ့ပါတယ်။
ငယ်ဘဝအိပ်မက်ဖြစ်တဲ့ ကမ္ဘကို စက်ဘီးနဲ့ပတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုလည်း ဘယ်တော့မှ မစွန့်ပစ်ခဲ့ပါဘူး။ တက္ကသိုလ်ကျောင်းသားဘဝမှာ ရှင်ဂျင်အူဂါဒေသနဲ့ ဆင်ဇန်ဒေသတို့ကို နွေရာသီကျောင်းပိတ်ရက်တွေမှာ စက်ဘီးနဲ့ ခရီးထွက်ခဲ့ပြီး စက်ဘီးစီးခြင်း အတွေ့အကြုံကောင်းတွေ ရရှိခဲ့ပါတယ်။
တရုတ်စက်ဘီးသမား ဇူဇီဝမ်က “စက်ဘီးစီးခြင်းက အိပ်မက်တွေ အမှန်တကယ် ဖြစ်လာပါတယ်။ လမ်းတလျှောက် သဘာဝရှုခင်းတွေက ကျနော့်ကို အမြင်ကျယ်စေသလို စိတ်ခံစားမှုကိုလည်း ကောင်းစေပါတယ်။ ခရီးစဉ်တလျှောက် မတူညီတဲ့နိုင်ငံက လူတွေနဲ့ ဆက်ဆံခဲ့ရတာက တန်ဖိုးဖြတ်မရနိုင်တဲ့ သင်ခန်းစာတွေ ရရှိစေပါတယ်။ ကျနော်တွေ့တဲ့ လူတိုင်းနဲ့ အတွေ့အကြုံတိုင်းဟာ ထူးခြားပြီး လှပဆန်းကျယ်မှုတွေ၊ ပုံစံမျိုးစုံ ပြည့်နှက်နေပါတယ်” လို့ ပြောပါတယ်။
၁၂ နှစ်တာ ကာလအတွင်းမှာ ဆာဟာရသဲကန္တာရ၊ အေးခဲတဲ့ အာတိတ်စက်ဝိုင်း၊ ကမ္ဘာ့အကြီးဆုံး တောရိုင်းတိရစ္ဆာန်ရွှေ့ပြောင်းမှုကို လေ့လာဖို့ အာဖရိကတိုက်တို့ကို သွားခဲ့ပါတယ်။ သူ့ခရီးစဉ်တွေထဲမှာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေ၊ ဓားပြတိုက်ခံရမှုနဲ့ ယာဉ်မတော်တဆမှုတွေ တွေ့ခဲ့ပေမဲ့ အဲဒီအကြောင်းအရာတွေက သူ့ရဲ့ ဆန္ဒပြင်းပြမှုကို မရပ်တန့်နိုင်ခဲ့ပါဘူး။ ဇူဇီဝမ်ဟာ လက်ရှိအချိန် ဆိုရှယ်မီဒီယာတွေမှာ ဖော်လိုဝါတွေ သန်းနဲ့ချီပြီး ရှိနေပါပြီ။
ဇူဇီဝမ်အတွက် နောက်ထပ် စွန့်စားမှုကတော့ သမုဒ္ဒရာပိုင်းနဲ့ အန္တာတိကတိုက်ဖြစ်ပြီး တိုက်ကြီး ၇ တိုက်စလုံးကို စက်ဘီးနဲ့ စွန့်စားသွားရောက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။
Source : Reuters










