DVB Logo
Home
မြန်မာသတင်း
စစ်တပ်ထောက်ခံသူ ရုပ်ရှင်သရုပ်ဆောင် ရန်အောင်၏ နေအိမ်ဗုံးခွဲ သတိပေးခံရ
DVB
·
November 15, 2024
စစ်တပ်ထောက်ခံသူ ရုပ်ရှင်သရုပ်ဆောင် ရန်အောင်၏ နေအိမ်ဗုံးခွဲ သတိပေးခံရ
Donate to DVB

ရန်ကုန်၊ ရန်ကင်းမြို့နယ်၊ ဘောက်ထော်ဘူတာနဲ့ တာမွေဘူတာကြား မြရတနာလမ်းမှာနေထိုင်တဲ့ စစ်ကောင်စီထောက်ခံသူ ရုပ်ရှင်သရုပ်ဆောင် ရန်အောင်ရဲ့ နေအိမ်မှာ နိုဝင်ဘာ ၁၄ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်လောက်က ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့  မြို့ခံတွေက ပြောပါတယ်။

ရန်ကင်းဒေသခံတယောက်က “ နေ့ခင်းက အသံတော့ သိပ်မကြားလိုက်ရဘူး။ မိုးကောင်းဘက်ကနေ ရဲကား၂ စီးလောက် ဝင်သွားတာပဲ တွေ့လိုက်ရတယ်။ ဘောက်ထော်ထဲမှာပါ”လို့ ပြောပါတယ်။

အဆိုပါ ပေါက်ကွဲမှုမှာ လူနဲ့ အဆောက်အဦတွေ ထိခိုက်ပျက်စီးမှုရှိတဲ့သတင်းတွေတော့ မရရှိပါဘူး။

ဒီဖောက်ခွဲမှုကို ရန်ကုန်တော်လှန်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ Dark Shadow က အားပျော့မိုင်း ၁ လုံးသုံးပြီး သတိပေးတဲ့အနေနဲ့  စီစဉ်တိုက်ခိုက်ခဲ့တာလို့ Dark Shadow သတင်းပြန်ကြား တာဝန်ရှိသူက ပြောပါတယ်။

“ပြင်းအားပျော့မိုင်းဆိုတာ သေစေလောက်တဲ့အထိတော့ ပစ္စည်းတွေ မထည့်ထားဘူး။ တလုံးပဲ ခွဲတာပါ။ အဓိကတော့ သူတို့ကိုသတိပေးတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တဲ့ မစ်ရှင်မျိုးပါ။ မင်းအောင်လှိုင်လို မိစ္ဆာမျိုးနဲ့ လက်ဆွဲနှုတ်ဆက်ပြီး ဘောမရလောက်တဲ့အထိကျ ကျနော်တို့က သူ့ကို အနုပညာရှင်လို့ မမြင်တော့ဘူး။ ဒီလိုလူတွေကို ကျနော်တို့အနေနဲ့ သုတ်သင်ရှင်းလင်းဖို့ရာ လွယ်ပါတယ်။ ဒါသတိပေးတဲ့အဆင့်အနေနဲ့ပဲ လုပ်ဆောင်ခဲ့တာပါ။”

ရုပ်ရှင်သရုပ်ဆောင် ရန်အောင်ဟာ စစ်တပ်အာဏာသိမ်းခါစ စစ်ကောင်စီရိုက်ကူးတဲ့ စစ်တပ် ထောက်ခံ‌ဝါဒဖြန့်ချိရေးရုပ်ရှင် စောင်နီလေးတထည်မှာ ကချင်တိုင်းရင်းသား အဘိုးဘိုနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့သလို စစ်ကောင်စီအခမ်းအနားတွေမှာလည်း အမြဲလိုလို တက်ရောက်နေသူတွေထဲက တယောက်ဖြစ်ပါတယ်။

ဒါ့အပြင် Dark Shadow အဖွဲ့က တော်လှန်‌ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီနဲ့ ပတ်သတ်တဲ့ နေရာတွေ၊ ရဲတွေ၊ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ၊ အရပ်ဝတ်ရဲတွေရှိတဲ့ စုဝေးရာနေရာတွေကို မသွားကြဖို့နဲ့ ဝေးဝေးရှောင်ရှား သွားလာပေးကြဖို့ အသိပေးမေတ္တာရပ်ခံထားတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက် နေ့လယ် ၂ နာရီခွဲလောက်ကလည်း ရန်ကုန်၊ အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမ‌ဘေးရှိ ရွာမအရှေ့ရပ်ကွက်ရုံးကို Dark Shadow တပ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

နိုဝင်ဘာလ ၁၃ ရက် ညပိုင်း၇ နာရီ ၁၄ မိနစ်လောက်ကလည်း ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းအတွင်းကို Operation Flame (OF)နဲ့ မဟာမိတ် Yangon UG People Army - YUPA တို့က လက်ပစ်ဗုံး ၂ လုံးနဲ့  ပစ်သွင်းတိုက်ခိုက်ခဲ့ပါတယ်။

နိုဝင်ဘာလ ၁၂ ရက် ညနေ ၆နာရီ ၅၅ မိနစ်လောက်ကလည်း မင်္ဂလာဒုံမြို့နယ်၊ ပုလဲလမ်းဆုံအနီး၊ ပုလဲမြို့သစ်လမ်းပေါ်ရှိ ရွှေနံ့သာရပ်ကွက် စစ်ကောင်စီရပ်ကွက်ရုံးကို Operation Flame (OF) အဖွဲ့က အဝေးထိန်းမိုင်း ၁ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။

နိုဝင်ဘာလ ၈ ရက် ညပိုင်း ၇ နာရီမှာတော့ မြောက်ဥက္ကလာပမြို့နယ်၊ အဝိုင်းကြီး(EPC) လျှပ်စစ်ရုံး၊ ကင်းတဲအနီးမှာ လက်ပစ်ဗုံး ၂ လုံး ပေါက်ကွဲခဲ့ပြီး ဒီတိုက်ခိုက်မှုကို မြောက်ဥက္ကလာပမြို့နယ်(ပကဖ)နဲ့ Yangon UG People Army တို့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013