DVB Logo
Home
မြန်မာသတင်း
ဝိုင်းမော် အင်ပွန်ရွာက စစ်ဘေးရှောင်များ  ၁၀ နှစ်ကျော်ကြာမှ နေရပ်ပြန်နိုင်
DVB
·
November 14, 2024
ဝိုင်းမော် အင်ပွန်ရွာက စစ်ဘေးရှောင်များ  ၁၀ နှစ်ကျော်ကြာမှ နေရပ်ပြန်နိုင်
Donate to DVB

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မိုးမောက်-မြစ်ကြီးနားကားလမ်းပေါ်ရှိ အင်ပွန်ကျေးရွာက စစ်ရှောင်ပြည်သူတွေဟာ ၁၀ စုနှစ်တခုကျော်အကြာမှာ နေရပ်ပြန် နေထိုင်နေကြပြီဖြစ်ပေမဲ့ စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နေကာ အကူအညီလိုအပ်နေပါတယ်။ 

၂၀၁၁ ခုနှစ်က ဇွန် ၉ ရက်ကစတင်ခဲ့တဲ့ ကချင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေထဲမှာ အင်ပွန်ကျေးရွာလည်း အပါအဝင် ဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကြားက တကျော့ပြန်တိုက်ပွဲပြင်းထန်လာချိန်မှာ အင်ပွန်ရွာဒေသခံပြည်သူတွေဟာ လိုင်ဇာမြို့အနီးက ဝေကြိုင်စစ်ရှောင်စခန်းမှာ ၁၀ စုနှစ်တခုကျော်ကြာ စစ်ရှောင်နေထိုင်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ မတ်လအတွင်း KIA ရဲ့ စခန်းသိမ်း ထိုးစစ်တိုက်ပွဲတွေ စတင်ခဲ့ပြီးနောက်မှာတော့ အင်ပွန်ကျေးရွာဟာ စစ်ကောင်စီကင်းစင်တဲ့ နယ်မြေတွေထဲက တစ်ခုအပါအဝင် ဖြစ်ခဲ့ပြီးနောက် ဒေသခံတွေ နေရပ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

၁၀ စုနှစ်ကျော် စွန့်ခွာခဲ့ရတဲ့ဒေသဖြစ်တာကြောင့် နေအိမ်အများစုက ဆွေးမြေ့ပျက်စီးသွားသလို တိုက်ပွဲအတွင်း မီးလောင်ပျက်စီးသွားတဲ့ နေအိမ်တွေလည်း ရှိနေပါတယ်။

လက်ရှိမှာတော့ ဒေသခံပြည်သူတွေဟာ နေရာထိုင်ခင်းအတွက် ဝါးတဲတွေ၊ မိုးကာတဲတွေနဲ့ အဆင်ပြေသလို နေနေကြပြီး ၁၀ စုနှစ် တခုကျော်ကြာ စွန့်ခွာခဲ့ရတဲ့နေရပ်မှာ ပြန်ပြီး အခြေချနေထိုင်မှာ ဖြစ်တဲ့အတွက် ထွန်ယက်စိုက်ပျိုးဖို့ အသုံးအဆောင်ပစ္စည်းတွေအပါအဝင် အိမ်သုံးပစ္စည်းတွေကအစ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်လို့ အင်ပွန်ကျေးရွာ ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။

“အခုက အစားအသောက်ကအစ ငွေရေးကြေးရေးကအစ အသုံးအဆောင်ပစ္စည်းတွေကော  အိမ်ဆောက်လုပ်ဖို့ လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းတွေကအစ ဓား၊ ပေါက်တူးတွေက အစ အရာအရာ လိုအပ်တယ်၊ အခုက အခုမှ အသစ်ကပြန်စတယ်ဆိုတော့ ဘာမဆို အရမ်းခက်တဲ့ အခြေအနေဖြစ်တယ်။ ကျမတို့ ဆိုရင် ငွေရှာဖို့ အတွက်လည်း ဘယ်သူမှ မရှိဘူးဆိုတော့ ခက်အခဲတွေက စုံတယ်လို့ ပြောရမယ်။”

မြစ်ကြီးနား-မိုးမောက်ကားလမ်းပေါ်က ကျေးရွာအများစုဟာ တိုက်ပွဲပြင်းထန်တဲ့ စစ်မြေပြင် ဖြစ်ခဲ့တာကြောင့် နေရပ်ပြန်ပြည်သူတွေ နေအိမ်ခြံဝင်းရှင်းလင်းတဲ့အခါ စစ်လက်နက်အကျွင်းအကျန်တွေနဲ့ မပေါက်ကွဲသေးတဲ့ မြေမြှုပ်မိုင်းတွေ ရှိနေသေးတယ်လို့ ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။

“ကျမတို့ အစနေရပ်ပြန်ဖို့ အိမ်ခြံဝင်းတွေ လာရှင်းတဲ့ အချိန်ဆို တောင်ယာ၊ ခြံလာခုတ်တဲ့ အချိန်ဆို အရမ်းကြောက်လန့်ပြီး လာခုတ်ကြတာ။ ကျမတို့ ဟိုဝါးရုံပင်အောင်တွေမှာဆို ချိုင့်ဗုံးလိုမျိုးတွေ နို့စည်ခွက်ပုံစံ ဗုံးတွေ အများကြီးရှိတယ်။ ကျမတို့ အရမ်းကြောက်ခဲ့တယ်၊ ကြောက်ကြောက်နဲ့ပဲ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ပြောပြပြီး ရှင်းလင်းလိုက်တာတွေ လုပ်တယ်။ အခု ကျမတို့ ပတ်ဝန်းကျင်မှာတော့ မြေမြှုပ်မိုင်းတွေ ထိတာတော့ မရှိဘူး၊ တခြားရွာက သူတွေတော့ ထိကြတယ်။ ဗုံးတွေ တွေ့တာတော့ ရှိတယ်။ ခြံဝင်းထဲမှာ မြေမြှုပ်မိုင်းတွေ မြှုပ်ထားတာတော့ရှိတယ်။”

နေရပ် ပြန်နေထိုင်နေကြပြီဖြစ်တဲ့ အင်ပွန်ကျေးရွာ ဒေသခံတွေဟာ အိမ်အနီးပတ်ဝန်းကျင် မြေလွတ်တွေမှာ စပါးနဲ့ ကောက်ပဲသီးနှံတွေကို အကန့်အသတ်နဲ့ စိုက်ပျိုးပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေကြပါတယ်။

တိုက်ပွဲတွေ မဖြစ်ပွားခင်ကာလတွေက အင်ပွန်ကျေးရွာက ဒေသခံတွေဟာ တောင်ယာ စိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ခဲ့ကြတာပါ။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံတွေ နေရပ်ပြန်ဖို့အတွက် ကျေးရွာပတ်ဝန်းကျင်မှာပဲ မြေမြှုပ်မိုင်းတွေနဲ့  စစ်ကျန် လက်နက်ခဲယမ်းတွေကို ရှင်းလင်းပေးထားပြီး တောင်ယာခင်းတွေ မှာတော့ ရှင်းလင်းရေး မလုပ်နိုင်သေးတာကြောင့် တောင်ယာလုပ်ငန်းလုပ်ကိုင်ဖို့အတွက်လည်း အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အင်ပွန်ကျေးရွာ ဒေသခံအမျိုးသမီးက “ကားလမ်း အထက်ဘက် ဒီမှာနေတဲ့ ပြည်သူလူထုတွေ အဲဒီဘက် ဘယ်သူမှ မသွားရဲဘူး။ မိုင်းတွေရှိတယ်၊ ကားလမ်းအောက်ပဲ သွားကြတယ်၊ အခုက တောထဲ ဝင်ရအောင်လည်း ဘယ်သူတွေက ဘယ်မှာ ဘာမြှုပ်ထားတာလဲ မသိဘူး။ ဝေးတဲ့နေရာတွေကိုလည်း မသွားရဲဘူး။ နီးတဲ့နေရာတွေမှာပဲ အရင်သွားနေကြနေရာတွေမှာပဲ သွားနေရတော့ အိမ်တွေ ဘာတွေလုပ်လာပြီဆိုရင်လည်း  သက်ကယ်တွေလည်း တောထဲပဲ သွားရိတ်ရတာ သစ်၊ ဝါးတွေ ဆိုရင်လည်း တောထဲ သွားယူရတယ်။ ကိုယ်ပုံမှန် သွားနေကျနေရာကနေ ကျော်ပြီး မသွားရဲဘူး”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လကစတင်လိုက်တဲ့ KIA ရဲ့ ထိုးစစ်ဆင်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်စခန်းပေါင်း ၂၂၀ကျော်ကို သိမ်းပိုက်ပြီးဖြစ်ပါတယ်။

စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားတဲ့အတွက် အင်ပွန်ကျေးရွာမှာ နေရပ်ပြန်နေထိုင်နေတဲ့ အိမ်ထောင်စု ၅၀ ဝန်းကျင်ရှိပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီအထောက်အပံ့တွေ လိုအပ်နေကြပါတယ်။

၂၀၂ဝ ပြည့်နှစ်က NLD အစိုးရ၊ KIO နဲ့ ကချင် လူသားချင်းစာနာထောက်ထားမှုအဖွဲ့ (KHCC) တို့ ကြား စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စ သဘောတူညီမှုရခဲ့ပေမဲ့ ၂ဝ၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် အဲဒီအစီအစဉ် ပျက်သွားခဲ့ပြီး နေရပ်ပြန်ဖို့ ပိုခက်ခဲသွားကြတာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်က ကချင်တကျော့ပြန်တိုက်ပွဲအတွင်း စစ်ဘေးဒုက္ခသည် ၁၃၀၀၀၀ ကျော်ရှိခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၁၅၀၀၀၀  ထပ်တိုးလာတာကြောင့် လက်ရှိ စစ်ဘေးဒုက္ခသည် ၃၀၀၀၀၀ လောက် ရှိလာပြီလို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက သိရပါတယ်။ 

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013