
အရှေ့တောင်အာရှက သံတမန်ရေး ဘက်မလိုက်မှုကို လက်ခံကျင့်သုံးပြီး နိုင်ငံတကာ ကုန်သွယ်မှု ဆက်ဆံရေးတွေကို တိုးချဲ့လာတာနဲ့အတူ ကမ္ဘာ့စီးပွားရေးမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်လာနေတယ်လို့ Nikkei Asia သတင်းဌာနက သုံးသပ်ဖော်ပြပါတယ်။
ဒီဒေသရဲ့ ကုန်သွယ်မှုဟာ ၂၀၂၂ ကနေ ၂၀၃၂ အတွင်းမှာ ဒေါ်လာ ၁ ဒသမ ၂ ထရီလီယံ တိုးလာမယ်လို့ ခန့်မှန်းထားပြီး ကမ္ဘာပေါ်မှာ အများဆုံးတိုးတက်မှုလို့ ဆိုနိုင်ပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က သူ့နိုင်ငံကို ဘက်မလိုက်တဲ့ စီးပွားရေး ဗဟိုချက်အဖြစ် အသုံးပြုဖို့ ကမ်းလှမ်းခဲ့ပြီး အရှေ့နဲ့အနောက် နိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုကောင်းအောင် လုပ်နေပါတယ်။
မလေးရှားဟာ ဂျာမနီနိုင်ငံရဲ့ ဆီမီးကွန်ဒက်တာ ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံတာကနေစပြီး တရုတ်နဲ့ ရုရှားတို့နဲ့အတူ BRICS အဖွဲ့ထဲ ဝင်ရောက်ဖို့ လေ့လာနေတာအထိ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတွေနဲ့ လက်တွဲလုပ်ဆောင်နေပါတယ်။
ဇူလိုင်လမှာ တရုတ်နိုင်ငံရဲ့ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းကြီး BYD က ထိုင်းနိုင်ငံမှာ စက်ရုံကြီးတခု ဖွင့်လှစ်ခဲ့တာဟာ ဒီဒေသရဲ့ ထုတ်လုပ်မှုကွင်းဆက်မှာ တရုတ်ရဲ့ အခန်းကဏ္ဍကို ပြသနေပါတယ်။
တချိန်တည်းမှာပဲ အမေရိကန်နဲ့ နိုင်ငံတကာကုမ္ပဏီတွေကလည်း တရုတ်နိုင်ငံတခုတည်းကို မှီခိုနေရတာကို လျှော့ချဖို့ မဟာဗျူဟာရဲ့ တစိတ်တပိုင်းအနေနဲ့ အရှေ့တောင်အာရှမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာကြပါတယ်။
အမေရိကန်နဲ့ တရုတ်ကြား တင်းမာမှုတွေ မြင့်တက်လာနေတဲ့အချိန်မှာ ဒီဒေသရဲ့ ကုန်သွယ်ရေး ကန့်သတ်ချက်တွေက တော်တော်လေး လျော့ပါးတာကြောင့် ရင်းနှီးမြှုပ်နှံဖို့ ဆွဲဆောင်မှုရှိတဲ့ နေရာတခု ဖြစ်လာပါတယ်။
ဒါပေမဲ့လည်း တရုတ်နဲ့ အရှေ့တောင်အာရှရဲ့ ကုန်သွယ်ရေးလိုငွေဟာ သိသိသာသာ မြင့်တက်လာပြီး ဈေးပေါတဲ့ သွင်းကုန်တွေ အများအပြား ဝင်လာနိုင်တာကို စိုးရိမ်ပူပန်မှုတွေ ရှိလာပါတယ်။
အရှေ့တောင်အာရှရဲ့ ကုန်သွယ်ရေး မဟာဗျူဟာဟာ ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဆိုင်မှုတွေကြားမှာ သတိထားပြီး လမ်းကြောင်းရှာတာမျိုးဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
Source : Reuters










